တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများ အလုပ်သမား အခွင့်အရေး အပြင်းထန်ဆုံး ချိုးဖောက်နေ

တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများ အလုပ်သမား အခွင့်အရေး အပြင်းထန်ဆုံး ချိုးဖောက်နေ

ဒီဇင်ဘာ ၂၁

စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၁၁ ကြာကာလအတွင်း တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများတွင် အလုပ်သမား အခွင့်အရေးအပြင် လူ့အခွင့်အရေးကိုပါ အပြင်းထန်ဆုံး ချိုးဖောက်ခံနေရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် တစ်ဦးဖြစ်သူ မသက်ထားဆွေက မဇ္ဈိမ ကို ပြောသည်။

ယင်းသို့ ချိုးဖောက်ခံရမှုမှာ ယခင်ကာလထက် နှစ်ဆခန့် ပိုမိုဆိုးရွားလာခြင်းဖြစ်ကာ အလုပ်သမား အခွင့်အရေး အပြင် လူ့အခွင့်အရေးကိုပါ တစ်ဆက်တည်း ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ယခင်ကာလမှာရော ဒီလိုအခက်အခဲတွေက မရှိဘူးလားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်သမားထု အခွင့်အရေးအပြင် လူ့အခွင့်အရေးကိုပါ ချိုးဖောက်လာနေတယ်။ အရင်ကာလ ထက် အဆပေါင်း မြောက်များစွာ ခက်ခဲလာတယ်။ အထည်ချုပ် စက်ရုံတွေမှာ အထည်အရေအတွက် ထွက်ရှိရေး အတွက် စံချိန်တင် တိုးခိုင်းတာ အရင်ကထက် နှစ်ဆလောက် တိုးခိုင်းလာတယ်။ ဒီအတွက်လည်း ဥပဒေပါ ရပိုင်ခွင့်တွေ ဘာတစ်ခုမှမရဘူး။ အလုပ်မပြုတ်ရေးအတွက် အလုပ်သမားတွေက တနင်္ဂနွေနေ့မှာ တောင် အလုပ်နားခွင့်မရဘဲ အဲ့ဒီနေ့အတွက် OT ကြေးမပေးဘဲ အလကား အလုပ်လုပ်ပေးရတဲ့ အခြေအနေ ရှိနေပါတယ်။ စံချိန်ကို တိုးခိုင်းလာတာကြောင့် ထမင်းစားချိန်မှာတောင် ကိုယ်ပေးရမယ့် စံချိန်ကို မရမှာစိုးလို့ ထမင်းမစားဘဲ ထိုင်ချုပ်ပေးရတဲ့ အခြေအနေမျိုးတောင် ရှိနေပါတယ်။ မပေးနိုင်ရင် ဘယ်အချိန် အလုပ်ဖြုတ် မလဲဆိုတာကိုဘဲ စိုးရိမ်နေရတယ်” ဟု မသက်ထားဆွေက ရှင်းပြသည်။

ယင်းအပြင် သောက်သုံးရေ အလုံအလောက် မပေးဘဲ ဘုံဘိုင်ရေကိုသာ သောက်ခိုင်းခြင်း၊ ကျန်းမာရေး အတွက် နှာခေါင်းစည်းများ ကိုယ်တိုင်ဝယ်ယူ အသုံးပြုနေရခြင်း၊ အပေါ့အပါး သွားရာတွင် အလုပ်ရှင် သတ်မှတ်ထားသည့် အချိန်မှသာ သွားရခြင်း၊ ဥပဒေအရ လုပ်ခကို ၄၈၀၀ ကျပ် သတ်မှတ်ထားသော်လည်း ၃၆၀၀ ကျပ်ဖြင့်သာ ရှင်းပေးခြင်းများ ရှိနေသည်။

“စက်ရုံမှာ လူ ၃၀၀ လောက်ရှိတဲ့ စက်လိုင်း တစ်လိုင်းအတွက် ၂၀ လီတာ ရေသန့်ဘူး တစ်ဘူးဘဲ ချပေးတယ်၊ မလောက်ရင် ဘုံဘိုင်ရေကို သောက်ခိုင်းတယ်။ မသောက်နိုင်ရင် ဝယ်သောက်ခိုင်းတယ်” ဟုဆိုသည်။

အလုပ်သမားများက စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဦးစီးဌာနသို့ တိုင်ကြားသော်လည်း အလုပ်ရှင် နှင့် လက်ဝါးချင်းရိုက်ကာ လုပ်နိုင်ပါက ဆက်လုပ်ရန်နှင့် မလုပ်နိုင်ပါက အလုပ်ထွက်ရမည်ဟု ပြောဆို ခြိမ်းခြောက်မှုများ ရှိနေသည်။

“အလုပ်သမား ဦးစီးတွေက အလုပ်ရှင်နဲ့ လက်ဝါးချင်းရိုက်ပြီးတော့ မုန့်ဖိုးသာသာလောက်ပေးပြီး အလုပ် ဖြုတ်ပစ်တယ်။ နင်တို့ဒီဟာကိုဘဲ ယူလိုက် ငါတို့ ဒါ့အပြင် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေ ဆိုပြီးတော့ အလုပ်ဖြုတ် ခံရတာတွေရှိတယ်။ အဲ့ဒီတော့ အလုပ်သမားတွေက ထမင်းမငတ်ရေးအတွက် ကိုယ့်လုပ်အားကို ဘယ်လောက်ဘဲ လျှော့နေလျှော့နေ သည်းခံပြီးတော့ အလုပ်ဆက်လုပ်နေရတဲ့ အခြေအနေပေါ့” ဟု ရှင်းပြသည်။

ယင်းအတွက် အလုပ်သမားထု ဦးဆောင်သူများ အနေဖြင့်လည်း မတူညီသည့် အချက်များကို ဘေးဖယ်၍ တူညီသည့် အချက်များကို ဘုံသဘောထားအဖြစ် ပူးပေါင်းဆွေးနွေးကာ တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း မသက်ထားဆွေက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required