AUKUS ကြောင့် ဩစတြေးလျအပေါ် တရုတ်၏ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမှုအစီအစဉ် ပျက်ပြား

By Prokerala
21 December 2021
AUKUS ကြောင့် ဩစတြေးလျအပေါ် တရုတ်၏ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမှုအစီအစဉ် ပျက်ပြား

အင်ဒို-ပစိဖိတ်ဒေသတွင် ဩစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့အကြား ၃ နိုင်ငံလုံခြုံရေး သဘောတူညီချက်ဖြစ်သော AUKUS ဖွဲ့စည်းခြင်းက ပြင်းထန်သော ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာစစ်ပွဲကို ဆင်နွှဲခြင်းဖြင့် သြစတြေးလျကို ဒူးထောက်လာစေရန်ဟူသော တရုတ်အစိုးရ၏ ရည်ရွယ်ချက်ကို အဟန့်အတားဖြစ်စေခဲ့သည်။

၂၀၁၉ တွင် ကိုရိုနာဗိုင်းရပ်၏ဇာစ်မြစ်ကို အလွတ်စုံစမ်းစစ်ဆေးရန် သြစတြေးလျက တောင်းဆိုနေမှုကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့သော တရုတ်သည် ဩစတြေးလျအပေါ် ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာစစ်ပွဲကို စတင်ခဲ့သည်။

ယခုနှစ်အစတွင် သြစတြေးလျသည် ထုတ်ကုန်သစ်များ ရောင်းဝယ်ဖောက်ကားကာ ပို့ကုန်ဈေးကွက်သစ်များ ရှာဖွေခြင်းဖြင့် အဆိုးဆုံးအခြေအနေကို ကျော်လွှားနိုင်ခဲ့သည်။ ဥပမာအားဖြင့် အိန္ဒိယသို့ ၎င်း၏ ကျောက်မီးသွေးတင်ပို့မှုကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ ဆော်ဒီအာရေဗျသည် တရုတ်နိုင်ငံအစား သြစတြေးလျ မုယောစပါးကို အကြီးမားဆုံး တင်သွင်းသူ ဖြစ်လာခဲ့သည်။

စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် AUKUS လုံခြုံရေး သဘောတူညီချက်သည် သြစတြေးလျ-တရုတ် ဆက်ဆံရေးကို ထပ်မံယိုယွင်းသွားစေခဲ့ပြီး တရုတ်က ယင်းသဘောတူညီချက်အား ပုဂ္ဂိုလ်ရေးအရ ရန်စမှုနှင့် ၎င်းကို ဟန့်တားရန် ၃ နိုင်ငံ၏ တမင်သက်သက်ကြိုးပမ်းမှုအဖြစ် ရှုမြင်သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် အဆင့်မြှင့်ထားသော နျူကလီးဘား ရေငုပ်သင်္ဘောနည်းပညာနှင့် တာဝေးပစ် တိုက်ခိုက်မှုစွမ်းရည်၊ ဉာဏ်ရည်တုနှင့် ရေအောက်စနစ်များဆိုင်ရာ အချက်အလက်များကို သြစတြေးလျနှင့် မျှဝေသွားမည်ဟူသော စာချုပ်ပါ အရေးပါသော သဘောတူညီချက်က တရုတ်ကို ဒေါသထွက်စေခဲ့သည်။

သြစတြေးလျက အဆိုပါသဘောတူညီချက်ကို မဟာဗျူဟာမြောက်အောင်ပွဲအဖြစ် ရှုမြင်သည့်အခါ တရုတ်က ၎င်းသည် နျူကလီးယားကင်းစင်သောနိုင်ငံများ (ဩစတေးလျကဲ့သို့) တွင် နျူကလီးယားပြန့်ပွားမှု ဖြစ်လာကာ အင်ဒို-ပစိဖိတ်ဒေသတွင် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေလိမ့်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအပေါ် အမေရိကန်ဦးဆောင်သော အနောက်မဟာမိတ်အဖွဲ့၏ အလှမ်းဝေးသော စိုးရိမ်ပူပန်မှုသည် ယခုအခါ လက်တွေ့ဖြစ်လာသည်။ ပိုဆိုးသည်မှာ တရုတ် မနှစ်မြို့သော ဂျပန်က ၃ နိုင်ငံသဘောတူစာချုပ်ကို ထောက်ခံခဲ့ပြီး သြစတြေးလျက စာချုပ်တွင် အမှန်တကယ် ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။

တရုတ်က AUKUS ဖွဲ့စည်းခြင်းသည် ၎င်း၏သြဇာလွှမ်းမိုးမှုနယ်ပယ်တွင် အရှိန်ရလာခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ယုံကြည်ထားပြီး အမေရိကန်ကလည်း ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက် အဓိကအားထားရာအဖြစ် သြစတြေးလျကို တွဲခေါ် သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly