စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြင်းခြံမြို့နယ်က တောင်သူ ၁ ဦး သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြင်းခြံမြို့နယ်က တောင်သူ ၁ ဦး သေဆုံး

ဒီဇင်ဘာလ ၂၀ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာတွင် တောင်ယာလုပ်ကိုင်သူ ဦးစိုးဟိန်းသည် ၎င်း၏နေအိမ်တွင်ရှိစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရင်ဘတ် ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။ 

ဦးစိုးဟိန်း၏ နေအိမ်သို့  ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦး၊  ရပ်ကျေးအုပ်ချုပ်မှူးတစ်ဦးနှင့် အသက် ၁၃ နှစ် ဝန်းကျင် ပျူစောထီးနှစ်ဦး တို့က ဝင်ရောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်ဆွေမျိူးတော်စပ်သူတစ်ဦးကပြောသည်။

" ညက သူ့အိမ်ထဲဝင်ပြီး သူ့ကို အကြောင်းမဲ့ ပစ်သတ်တာ ။ အဲ့ဒီအချိန် ချက်ချင်းမသေသေးဘဲ ဆန့်ငင် ဆန့်ငင်ဖြစ်နေတာ အသက်ရှင်နေသေးလို့ဆိုပြီး သူ့အိမ်ကနေ ခန္ဓာကိုယ်ကို ခြေထောက်ကနေ တရွတ်တိုက်ဆွဲပြီး အုပ်ချုပ်ရေးမှူးအိမ်အထိ ဆွဲခေါ်သွားတဲ့ အချိန်မှာ သေသွားတယ်။ ဒီနေ့မနက်က စစ်သားတွေက မိသားစုဝင်ကို အလောင်းကိုပြန်ပေးတယ်"ဟု ၎င်းကမဇ္ဈိမကို ပြောသည်။ 

အဆိုပါ နယ်ခြားရွာတွင် လွန်ခဲ့သည့် တစ်ပတ်အတွင်းကလည်း စစ်ကောင်စီက ရွာခံများ၏ နေအိမ်များသို့ဝင်၍ အကြောင်းမဲ့ နိုင်ထက်စီးနင်းရိုက်နှက်ခြင်း၊ အိမ်တွင်းပစ္စည်းများကို လုယက်ဖောက်ထွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required