တောင်တွင်းဒေသတွင် လူနေအိမ် ၁၉လုံး မီးရှို့ဖျက်ဆီးခံရ၊ ပြည်သူ ၂ ဦး နေအိမ်နှင့်အတူ မီးရှို့ခံရ

19 December 2021
တောင်တွင်းဒေသတွင် လူနေအိမ် ၁၉လုံး မီးရှို့ဖျက်ဆီးခံရ၊ ပြည်သူ ၂ ဦး နေအိမ်နှင့်အတူ မီးရှို့ခံရ

ဒီဇင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အင်အား ၂၀၀ ဝန်းကျင်ခန့် ပါဝင်သည့် စစ်ကောင်စီတပ်က ကျေးရွာ ဆယ်ရွာမှ လူနေအိမ် ၁၉ လုံး ကိုမီးရှို့ဖျက်ဆီးကာ ပြည်သူနှစ်ဦးကိုလည်း နေအိမ်နှင့်အတူ မီးရှို့ခဲ့ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ် (TDPDF MinGin) တာဝန်ရှိသူက ပြောသည်။

ကနီမြို့နယ် ဆယ်ချောင်ကျေးရွာမှာ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၄ ရက်နှင့် ဒီဇင်ဘာလ ၁၅ ရက်တွင် ယင်းသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ စရှို့တာက တပ်ချောင်းကျေးရွာနောက် ထုံးကြီး ကျေးရွာ၊ အဲထုံးကြီးကျေးရွာက ပြည်သူ့နှစ်ဦးကိုလည်း နေအိမ်ထဲ မီးရှို့သတ်ထားတယ်။ ကျေးရွာ ၁၀ ရွာက လူနေအိမ် ၁၉ လုံးအပြင် ခရစ်ယာန်ဘုရားကျောင်းပါ ရှို့သွားတာ။ အိမ်မွေး နွားငါးကောင်သတ်တယ်။ တစ်ကောင်ကိုစားတယ်။ ကျွဲနှစ်ကောင်ကို သတ်တယ်။ နောက် ကြက်၊ ဝက် ခြံတွေကို မီးရှို့ ထားခဲ့ကြတယ်” ဟု TDPDF MinGin တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသူ နှစ်ဦးမှာ ထုံးကြီးကျေးရွာမှ ဦခွန်နောင်နှင့် ဇနီး တို့ဖြစ်သည်ဟု TDPDF MinGin က ဒီဇင်ဘာလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“ သူတို့က ကလေးဝကနေ ဆင်းလာတဲ့စစ်ကြောင်း။ ကနီမြို့နယ် ဆယ်ရွာချောင်ကျေးရွာမှာ ရှိတဲ့တပ်ကို သွားတာ။ အဲကနေ့မှာ ကျွန်တော်တို့ တောင်တွင်းဒေသဘက်ကို ပြန်လာတာ။ အင်အား ၂၀၀ ဝန်းကျင်လောက်ပါတယ်။ အရှေ့ခြေလျင် လာပြီး အနောက်က ကားတွေပါတယ် ။ ဆယ်ရွာချောင်ကျေးရွာနဲ့ တောင်းတွင်းဒေသ က ၁၅မိုင်လောက် ကွာဝေးတယ်” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်တွင် ထိုအကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း မိုင် ၁၀၀ အရောက်တွင် မင်းကင်း တပ်ရင်း (၂ ) နှင့် TDPDF ( MinGin) တို့ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

မင်းကင်းမြို့နယ်တွင်ရွာပေါင်း ၃၀၀ ကျော် ရှိပြီး တောင်တွင်းဒေသအတွင်း ရွာပေါင်း ၃၆ ရွာ ရှိကြောင်း ဒေသခံများထံက သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required