စစ်ကောင်စီတပ်ဖွဲ့ မိုင်းရှင်းနေစဉ် PDF ဘက်မှ ဖောက်ခွဲ၊ စစ်သား ၆ ဦးသေဆုံးဟုဆို

စစ်ကောင်စီတပ်ဖွဲ့ မိုင်းရှင်းနေစဉ် PDF ဘက်မှ ဖောက်ခွဲ၊ စစ်သား ၆ ဦးသေဆုံးဟုဆို

ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း အရာတော်မြို့ဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကူအင်အား ၂၀ ခန့်သည် မိုင်းရှင်းနေစဉ် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဖောက်ခွဲခဲ့ရာ စစ်သား ခြောက်ဦးခန့် သေဆုံးသွားကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ပေါက်ကျိုင်းက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အရာတော် - မုံရွာ လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီကားအား စစ်ကူအင်အားဖြည့်တင်းရန် ရောက်လာသည့် အဖွဲ့မှ စစ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က အိမ်စီးကားတွေနဲ့ ပြည်သူတွေလို ပုံစံနဲ့မောင်းလာကြတာ အဲ့တာကို ကျွန်တော်တို့က တစ်ဖက်ပွင့်မိုင်းနဲ့ အရင်ဆုံးဆွဲလိုက်တာ အဲ့တာနဲ့သူတို့ဘက်က ဘေးပတ်ဝန်းကျင်ကို ရမ်းပစ်ရင်းနဲ့ ခဏနေတော့ အရာတော်ဘက်ကနေ တပ်ကူတွေရောက်လာပြီး မိုင်းထောင်ထားတာတွေကို လိုက်ရှာကြတာ အဲ့တာကိုကျွန်တော်တို့က ထပ်ပြီးခွဲလိုက်တာမှာ ဒီကောင်တွေ ခြောက်ကောင်လောက်သေတာပဲ”ဟု သူကပြောသည်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းအချို့ကိုလည်း စစ်ကောင်စီတပ်သားများ ရှာတွေ့သွားကာ ထိုနေရာတွင်ပင် ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း ၎င်းကပြောသည်။

ထိုစစ်ဆင်ရေးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်းသိရသည်။

ထိုစစ်ဆင်ရေးအား သပြေညို ပြောက်ကျားတပ်ဖွဲ့ နှင့် Ayadaw Falcon Force (AF2) မှဦးဆောင်၍ တမန်တော် ပြောက်ကျားတပ်ဖွဲ့(Apostle) ၊ Knight of The Red Land (KORL)တပ်ဖွဲ့၊ Ayadaw Bone Naing PDF (A.B.N PDF)၊ Guerillas Commendo-Myinmu၊ M.R.T.F တပ်ဖွဲ့ နှင့် The Guys of Burma Revolution Force(BGRF) တပ်ဖွဲ့တို့ တော်လှန်ရေးညီနောင် ရှစ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required