လေးကေ့ကော်တွင် တိုက်ပွဲပြင်းထန်လာနိုင်ဟုဆို

လေးကေ့ကော်တွင် တိုက်ပွဲပြင်းထန်လာနိုင်ဟုဆို

ဒီဇင်ဘာလ ၁၈ ရက်

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ လေးကေ့ကော်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့် အနေအထားဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ခုထံက သိရသည်။ 

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားသည်ကို မကြားသိရသေးသော်လည်း လေးကေ့ကော်ဧရိယာအတွင်း စစ်ကောင်စီတပ်များ နေရာခွဲလှုပ်ရှားနေသည်ဟု ဆိုသည်။ 

လေးကေ့ကော် အမြောက်က်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်သည့် ပူးပေါင်းတပ်က ပိတ်ဆို့ထားကြောင်းသိရသည်။ 

“ လောလောဆယ် အမြောက်ကုန်းကကောင်တွေ ရိက္ခာပြတ်ပြီး ပိတ်မိနေတာသိတော့ ထိုးစစ်ဆင်တဲ့သဘောတော့ ရှိတာပေါ့။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်လာမယ့် သဘောတော့ရှိတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ၎င်း၏ အမြင်ကို ပြောသည်။ 

ယနေ့ နံနက်ပိုင်းတွင် အဆိုပါအမြောက်ကုန်းမှ စစ်ကောင်စီတပ်သားများ သောက်ရေဆင်းခပ်စဉ် KNLA နှင့်ပူးပေါင်းတပ်က ပစ်ခတ်ရာ စစ်ကောင်စီတပ်ဘက်မှ တစ် ဦးသေပြီး တစ် ဦးဒဏ်ရာခဲ့ကြောင်း KIC ကလည်း ဖော်ပြထားသည်။ 

အလားတူ KNU တပ်မဟာ (၆) နယ်မြေအတွင်း စစ်ရေး အခြေအနေ တင်းမာမှုများကြောင့် မြဝတီ၊ ဝေါလေမြိုင်ကားလမ်းမကြီးပေါ်  ပြည်သူများဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားကြောင်းလည်း သိရသည်။ 

ထို့အပြင် ဘားအံမြို့ဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီကား ၁၀ စီးကျော်သည်လည်း မြဝတီဘက်သို့ လာရောက်ဖွယ်ရှိနေကာ  တပ်အင်အား ၂၀၀ ဝန်းကျင်မှာ မြဝတီ၊ ဒေါနတောင်ပေါ်ကားလမ်းဟောင်းမှတစ်ဆင့်  သင်္ကန်းညီနောင်ဘက်သို့ ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

သို့သော် ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ လေးကေ့ကော်ဒေသတစ်ဝိုက်ရှိ မြန်မာဖုန်းများ ဆက်သွယ်မရဖြစ်နေ၍ ဒေသတွင်းအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် မဇ္ဈိမမှ ကြိုးစားနေဆဲဖြစ်သည်။ 

ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်ညပိုင်းကတည်းက စစ်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး လေးကေ့ကော်ဒေသတစ်ဝိုက် ပျံဝဲခဲ့ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required