စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့သည့် အုပ်ချုပ်ရေးမှူး စစ်ဆေးရုံ၌ သေဆုံး

စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့သည့် အုပ်ချုပ်ရေးမှူး စစ်ဆေးရုံ၌ သေဆုံး

ဒီဇင်ဘာလ ၁၈ ရက်

စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဆေးကုသမှု ခံယူနေစဉ် စစ်ဆေးရုံ၌ ဒီဇင်ဘာလ ၁၇ ရက်နေ့က သေဆုံးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် နတ်ရေတွင်းကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးကို ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းက ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေ မှားပစ်လိုက်တဲ့ နတ်ရေတွင်းကျေးရွာက အုပ်ချုပ်ရေးမှူးက အဲ့နေ့ကတည်းက အခြေအနေ မကောင်းဘူး။ အခုတော့ စစ်ဆေးရုံမှာ သေသွားပြီ။ အဲ့နေ့မှာပဲ သင်္ဂြိုလ် လိုက်တယ်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နတ်ရေတွင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး သည် အရိုးတောင်ရွာမှ အပြန် ဘုရားနီချောင်းကူး တံတားအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က ‘ရှေ့မတိုးနဲ့’ ဟု ပြောဆိုမှုကို  ‘ဗိုလ်လေးကို ပြောထားတယ်’ ဟု ပြန်ပြောကာ ရှေ့တိုးလာစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသွားသည့် ဦးကျော်စိုး သည် စစ်တပ်အာဏာသိမ်းပြီးနောက် နတ်ရေတွင်းကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံခဲ့ရပြီး ရွာသူ၊ ရွာသားများကို နေ့ရော၊ ညပါ ကင်းစောင့်ခိုင်းကာ ဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required