ကော့မှူးမြို့နယ် မီးသတ်စခန်း ပစ်ခတ်ခံရ၊ မီးသတ်ဝန်ထမ်း ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကော့မှူးမြို့နယ် မီးသတ်စခန်း ပစ်ခတ်ခံရ၊ မီးသတ်ဝန်ထမ်း ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဒီဇင်ဘာလ ၁၈ ရက်

ရန်ကုန်တိုင်း၊ကော့မှူးမြို့နယ် မီးသတ်စခန်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းက ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီးနောက် မီးသတ်ဝန်ထမ်း ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

တွံတေး-ကွမ်းခြံကုန်းသွား ကားလမ်းမပေါ်၊ ကော့မှူးမြို့အဝင်တွင် တည်ရှိသည့် ကော့မှူးမြို့နယ် မီးသတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုက လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီ မီးသတ်စခန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အသွင်ယူပြီး နေနေကြတာ ကြာပြီ။ တခြား မီးသတ်ဝန်ထမ်းတွေလည်း ရှိတယ်။ ဒီနေ့ မနက် ၄ နာရီလောက်မှာ အဖွဲ့တစ်ဖွဲ့က လာရောက် တိုက်ခိုက်သွားတာ။ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိတယ်လို့ ကြားတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် မီးသတ်ဝန်ထမ်း ခြောက်ဦးကို ပစ်ခတ်တိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆိုသည်။

ကော့မှူးမြို့နယ် မီးသတ်စခန်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အသွင်ယူ နေထိုင်ပြီး အနီးတွင်ရှိသည့် အားကစားခန်းမတွင်လည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဒေသတွင်း သတင်းများ ဖော်ပြနေသည့်  Kawmhu News Agency ကမူ ကော့မှူး မီးသတ်စခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ထိခိုက်ဒဏ်ရာ ရရှိသူများကို မီးသတ်ရုံးအတွင်း ဆေးကုသပေးနေကြောင်း ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required