ကလေးမြို့ရှိ စစ်ကောင်စီတပ်များ လေကြောင်းမှ အပြောင်းအရွှေ့လုပ်

18 December 2021
ကလေးမြို့ရှိ စစ်ကောင်စီတပ်များ လေကြောင်းမှ အပြောင်းအရွှေ့လုပ်

ဒီဇင်ဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ နတ်ချောင်းရွာ ရှစ်မျက်နှာ ဘုရားကြီးဝင်း အတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း ကလေး ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ကို ရဟတ်ယာဉ် သုံးစီးဖြင့် လေးခေါက် လာရောက် သယ်ဆောင်သွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ အဲဒီ ရဟတ်ယာဉ်တွေ တက်သွားပြီး တောင်ဘက် ဂန့်ဂေါ်မြိုနယ် ရွှေဘိုရွာဘက်မှာ အပေါ်က နေပစ်တယ်။ လက်နက်ကြီးသံတွေလည်း ကြားရတယ်။ အထိအခိုက် အကျဆုံးတော့ မသိရသေးဘူး” ဟု ကလေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားသော စစ်ကောင်စီတပ်များသည် ကလေးမြို့နယ်ရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် ၁၂ ရက် စခန်းချခဲ့ပြီး မည်သည့်တပ်ရင်း တပ်ဖွဲဆိုသည်ကိုမူ မသိရပေ။ သို့သော် ၎င်းတို့၏ သေနတ်များတွင် ၂၂ ဟု ရေးထိုးထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

ကလေးမြို့ လေယာဉ်ကွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်ဆောင်လာသော စစ်လေယာဉ် Y8 တစ်စီးလည်း ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်လာပြီး အသင့်စောင့်နေသော ကားလေးစီးဖြင့် ဒစက (ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ) ဘက်သို့ မောင်းသွားကြောင်း ၎င်းထံက သိရသည်။

စစ်ကောင်စီတပ်နှင့် မင်းတပ်နှင့် ယော ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားလာနေသည့်အတွက် အဆိုပါဒေသဘက်သို့ စစ်ကူ ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required