ကျောက်ထုမြို့နယ်တွင် နေအိမ်သို့ ပြန်လာသည့် စစ်ရှောင် ၁ ဦး ပစ်ခတ်ခံရ

ကျောက်ထုမြို့နယ်တွင် နေအိမ်သို့ ပြန်လာသည့် စစ်ရှောင် ၁ ဦး ပစ်ခတ်ခံရ

ဒီဇင်ဘာလ ၁၈ ရက်

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ လှော်ဝရွာတွင် စစ်ဘေးရှောင်နေသည့် ချင်းတိုင်းရင်းသားဦးမောင်းမာန်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက ၎င်း၏ နေအိမ်သို့ ဆိုင်ကယ် ပြန်လာယူစဉ်တွင် စစ်ကောင်စီက ပစ်ခတ်ရာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။ 

"ရွာက စစ်ဘေးရှောင်ပြီး ပြေးကြတဲ့အခါ သူက စစ်ကောင်စီတပ်တွေအလစ် လမ်းမှာ မရှိလောက်ဘူးထင်ပြီးသူ့အိမ်ကို ခဏပြန်လာတဲ့အခါ လမ်းမှာ စစ်ကောင်စီက သေနတ်နဲ့ဝိုင်းပစ်ကြတာ ချောက်ထဲခုန်ဆင်းတော့ ရွာခံတွေလည်းသေပြီထင်ကြတာ ‌နောက်တော့မှမသေဘဲပြန်လာတာ ဦးခေါင်းမှာသေနတ်ထိထားတဲ့ ဒဏ်ရာရထားတယ်"ဟု CDf မင်းတပ် ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က မဇ္ဈိမကို ပြောသည်။ 

လှော်ဝရွာနှင့် မယ်လယ်ကုန်းရွာတို့သည်  ယမန်နေ့က တိုက်ပွဲများ ပြင်းထန်ခဲ့သည့် နေရာများနှင့် နီးစပ်သောရွာများဖြစ်သည်။ 

ယနေ့တွင် မင်းတပ်မြို့တွင်  ခေတ္တ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးမရှိကြောင်း ကိုယောမာန်က ပြောသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီခန့်တွင်လည်း ကျောက်ထုဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား အင်အား ၇၀ ကျော်မှာ မင်းတပ်မြို့နယ်နှင့် ၁၃ မိုင်အကွာရှိ ဘုရားစခန်းရွာ၌  ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် ကျည်းရွာ၊ မယ်လယ်ကုန်းရွာ၊ လယ်‌ဆောရွာနှင့် လှော်ဝရွာတို့မှ ဒေသခံတစ်ထောင်ကျော်တို့မှာ စစ်ဘေးရှောင်နေရကြောင်း ၎င်းကဆိုသည်။ 

ယမန်နေ့က မကွေးတိုင်း၊ ကျောက်ထုမြို့နယ် မယ်လယ်ကုန်းရွာနှင့် လှော်ဝရွာတို့နှင့် မင်းတပ်မြို့နယ် ဘုရားစခန်းရွာတို့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ နေအိမ်အချို့အား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ကြက်၊ဝက်၊ နွားနောက်များ သတ်စားခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား အပျော်  ပစ်သတ်ခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly