ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံအနက် ပါကစ္စတန်က အဆင့် ၉၂ တွင် ရပ်တည်

By Islam Khabar
18 December 2021
ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံအနက် ပါကစ္စတန်က အဆင့် ၉၂ တွင် ရပ်တည်

ပါကစ္စတန်သည် ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေရချိန် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု အညွှန်းကိန်းကလည်း ယင်းနိုင်ငံအတွက် နောက်ထပ်ထိုးနှက်မှုတစ်ခု ဖြစ်စေခဲ့သည်။ ပါကစ္စတန်သည် နိုင်ငံပေါင်း ၁၁၆ နိုင်ငံအနက် ရမှတ် ၂၄ ဒသမ ၇ ဖြင့် အဆင့် ၉၂ တွင် ရပ်တည်နေခဲ့သည်။

Dawn သတင်းဌာန၏ ဖော်ပြချက်အရ ပါကစ္စတန်သည် အာဟာရချို့တဲ့သူဦးရေ အချိုးအစားကို ၂၀၀၀ ပြည့်နှစ်က ၂၁ ဒသမ ၁ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၉ ရာခိုင်နှုန်းကို ရောက်ရှိစေရန် လျှော့ချထားနိုင်ခဲ့သော်လည်း ယင်းနိုင်ငံသည် အာဟာရချို့တဲ့မှုနှင့် သက်ဆိုင်သည့် ပြဿနာများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု အညွှန်းကိန်းတွင် အာဟာရချို့တဲ့မှု၊ ကလေးသူငယ် ကျုံလှီမှုနှုန်း၊ ကလေးသူငယ် ပုညှက်မှုနှုန်း နှင့် အသက် ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်း အပါအဝင် အညွှန်း လေးခုဖြင့် ဖွဲ့စည်းပါဝင်သည်။

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့်ပတ်သက်၍ Concern Worldwide နှင့် Welthungerhilfe အဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်က ဖော်ပြထားသည်မှာ "၂၀၃၀ က ရောက်ဖို့ ပိုနီးလာနေပေမယ့် ဆာလောင်ငတ်မွတ်မှု ကင်းမဲ့ရေးဆိုင်ရာ ကမ္ဘာ့ ကတိကဝတ် အောင်မြင်ရောက်ရှိစေရေးက ဝမ်းနည်းဖွယ်ရာ ဝေးကွာနေပါတယ်" ဟု ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် နောက်ဆုံး သုံးနှစ်တာအတွင်း ပါကစ္စတန်၏ ဂဏန်းနှစ်လုံးရှိ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ဝင်ငွေများ တစ်စတစ်စ လျော့ပါးခြင်းတို့ကြောင့် ပါကစ္စတန်နိုင်ငံသား အများအပြားအတွက် တန်ဖိုးသင့်ပြီး အာဟာရဖြစ်သော အစားအစာများ လုံလုံလောက်လောက် ရယူနိုင်စွမ်း ကင်းမဲ့မှု အခြေအနေကို ဖြစ်ထားစေခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

တချိန်တည်းမှာပင် ပါကစ္စတန်ပြည်သူ ၄၃ ရာခိုင်နှုန်းခန့်သည် အထက်ပါကဲ့သို့ပင် တန်ဖိုးသင့်ပြိး အာဟာရဖြစ်သည့် အစားအစာများကို လုံလုံလောက်လောက် ရယူနိုင်စွမ်း ကင်းမဲ့မှု အခြေအနေတွင် ရှိနေပြီး ၎င်းတို့အနက် ၁၈ ရာခိုင်နှုန်းခန့်က စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံနေရသည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် (WFP) က ခန့်မှန်းသည်။ "အာဟာရဖြစ်တဲ့ အစားအစာတစ်ခုကို ရရှိနိုင်ဖို့အတွက် အဲဒါကို ဝယ်ယူဖို့ ငွေကြေးတတ်နိုင်စွမ်းက အကြီးမားဆုံး အတားအဆီး ဖြစ်နေပါတယ်" ဟု WFP က အခိုင်အမာ ဆိုပြီး ပါကစ္စတန်နိုင်ငံသား အများစုသည် အာဟာရဖြစ် ကောင်းမွန်သည့် အစားအသောက်များအတွက် တတ်နိုင်စွမ်း မရှိဘဲဖြစ်နေကြောင်း ယင်းက ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly