ဘာလိုချီစတန်၌ အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပါကစ္စတန် မြို့တော်၌ ဆန္ဒပြပွဲ ပြုလုပ်

By Latestly
18 December 2021
ဘာလိုချီစတန်၌ အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပါကစ္စတန် မြို့တော်၌ ဆန္ဒပြပွဲ ပြုလုပ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေမှုဖြစ်စဥ်များ ဖြစ်ပွားနေမှုအပေါ် လူအများအာရုံစိုက်မှု ရရှိစေရေး မီးမောင်းထိုးပြသရန် ရည်ရွယ်ပြီး ဒီဇင်ဘာ ၉ ရက်က လူပေါင်းဒါဇင်နှင့်ချီတို့က မြို့တော် အစ္စလမ်မာဘတ်၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို စုဝေးဆန္ဒပြပွဲကို ဘာလို့ချ် ပျောက်ဆုံးနေသူများအရေး ထုတ်ဖော်ပြောဆိုရေးအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး အတင်းအကျပ် ဖျောက်ဖျက်ခံရသော ဘာလို့ချ်ပြည်သူများအားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုထားသည့် လက်ကိုင်ပိုစတာများ၊ စာတန်းများကို ကိုင်ဆောင်ရင်း ဆန္ဒပြသူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပါကစ္စတန်အာဏာပိုင်တို့က ဘာလိုချီစတန်ကို အုပ်ချုပ်ပြီးကတည်းက ယင်းပြည်နယ်ရှိ ဖိနှိပ်ခံပြည်သူများကို ရေငုံနှုတ်ပိတ်စေရန် အတင်းအဓမ္မ ဖမ်းဆီး ဖျောက်ဖျက်မှုကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုထားခဲ့သည်။

မရေအတွက်နိုင်သော ပြန်ပေးဆွဲခံရသူများ အသတ်ခံထားခဲ့ရပြီး အများအပြားမှာလည်း စစ်တပ် လျှို့ဝှက်စခန်းများတွင် လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကို ကြုံနေရဆဲဖြစ်သည်။

အတင်းအကျပ် ဖျောက်ဖျက်မှုများကို ပြစ်မှုအဖြစ် ပြဋ္ဌာန်းသတ်မှတ်မည်ဟု အစိုးရအဆက်ဆက်က ကတိပြုခဲ့သော်လည်း မည်သူကမှ ခိုင်မာသည့် အရေးယူလုပ်ဆောင်ချက်များ လုပ်ခဲ့ခြင်း မရှိဘဲ ထို အလေ့အထက ပြစ်ဒဏ်ခတ်မခံရဘဲ ဆက်ရှိနေသည်။

ယင်းကဲ့သို့ ဖျောက်ဖျက်မှုများ၏ နောက်ကွယ်တွင် လုံခြုံရေးတပ်ဖွဲ့များ ရှိနေသည်ဟု ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်နှင့် Amnesty International အပါအဝင် လူ့အခွင့်အရေးအဖွဲ့အချို့က အတည်ပြုထားသည်။

မကြာသေးခင်က ဒေသတွင် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များနှင့် ဘာလို့ချ် သောင်းကျန်းသူများအကြား တိုက်ခိုက်မှုများ အရှိန်မြင့်နေခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လူ့အခွင့်အရေးဆိုင်ရာ ယင်း၏ ၂၀၂၀ အစီရင်ခံစာတစ်ရပ်တွင် ပါကစ္စတန်၌ အစိုးရဘက်က ဥပဒေနှင့် ဆန့်ကျင်နေသည့် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်ဆန်ဆန် သတ်ဖြတ်မှုများနှင့် ပက်ရှ်တွန်၊ ဆင်းန် နှင့် ဘာလို့ချ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အတင်းအကျပ် ဖျောက်ဖျက်မှုများ အပါအဝင် ယင်းနိုင်ငံ၏ သိသာထင်ရှားသော လူ့အခွင့်အရေးကိစ္စများကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ Amnesty International က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် "အသက်ရှင်နေသော တစ္ဆေများ" ဆိုသည့် အစီရင်ခံစာတစ်ရပ်တွင် ပါကစ္စတန်ရှိ အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်မှုများ၏ အလေ့အထကို သက်သေအထောက်အထားပြ ဖော်ပြထားခဲ့ပြီး ယင်းကို အစိုးရမူဝါဒ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုမှု အဆုံးသတ်ရေးအတွက် ပါကစ္စတန်အာဏာပိုင်တို့ကို တိုက်တွန်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly