ဒုက္ခသည်အထောက်အထားကတ်ပြားထုတ်ပေးမည့် နီပေါအစိုးရ၏ အစီအစဉ်တွင် တိဗက်လူမျိုးများ ချန်လှပ်ခံရ

By Phayul
18 December 2021
ဒုက္ခသည်အထောက်အထားကတ်ပြားထုတ်ပေးမည့် နီပေါအစိုးရ၏ အစီအစဉ်တွင် တိဗက်လူမျိုးများ ချန်လှပ်ခံရ

ဒုက္ခသည်အထောက်အထားကတ်ပြားထုတ်ပေးမည့် နီပေါအစိုးရအဆိုပြုထားသည့် အစီအစဉ်တွင် ဘူတန်ဒုက္ခသည်များသာပါဝင်ပြီး တိဗက်လူမျိုး ဒုက္ခသည်များ ပါဝင်ခြင်းမရှိပေ။

အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းထူထောင်ရန်နှင့် ကိုယ်ကျိုးအတွက် အခြားလုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်မည့် သက်သေခံစာရွက်စာတမ်းများကို တိဗက် ဒုက္ခသည်များအား ပေးအပ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။

နီပေါအစိုးရသည် တိဗက်လူမျိုးများအား ဒုက္ခသည်ကတ်များ ထုတ်ပေးခြင်းကို ၁၉၉၄ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များမှ ထပ်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း ၁၉၉၅ ခုနှစ်မှစတင်၍ တိဗက်ဒုက္ခသည်များအတွက် အထောက်အထားများ မရှိတော့ကြောင်း Kathmandu Post က ဖော်ပြခဲ့သည်။

ပြည်ထဲရေးဝန်ကြီး တက်ခ်နာရာယန်ပန်ဒီက ဝန်ကြီးဌာနက အစိုးရအဖွဲ့ထံ အဆိုပြုလွှာပေးပို့ထားကြောင်း ခတ္တမန္ဒူပို့စ်သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ၏ ခန့်မှန်းချက်အရ နီပေါတွင် တိဗက်လူမျိုး ၁၂၀၀၀ ကျော်ရှိသည်။ အစိုးရ၏ ခန့်မှန်းချက်အရ ၎င်းတို့အနက် ၄၀၀၀ ကျော်သည် ဒုက္ခသည်သက်သေခံ ကတ်များကို ရရှိရန် ကြိုးစားဆဲဖြစ်ကြောင်းနှင့် ၎င်းကတ်မရှိပါက အဆင့်မြင့်ပညာရေးကိုဆည်းပူးရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အခြေခံဝန်ဆောင်မှုများကို ရရှိနိုင်ရေးတို့တွင် အခက်အခဲများရင်ဆိုင်ရနိုင်သည်။

တိဗက်ဒုက္ခသည်များ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် သဘောတူညီခဲ့သော်လည်း နှစ်နိုင်ငံသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နီပေါနိုင်ငံခရီးစဉ်အတွင်း တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

တိဗက်စောင့်ကြည့်ရေးအဖွဲ့က “နီပေါနယ်စပ်ဟာ ခိုလှုံခွင့်ရှာတဲ့တိဗက်လူမျိုးများအတွက် အဆင်အပြေဆုံးလမ်းကြောင်းတစ်ခုဖြစ်တာကြောင့် နီပေါနဲ့ တရုတ်နိုင်ငံအကြား တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ဟာ တိဗက်လူမျိုးတွေအတွက် ပိုပြီးတော့တောင် အခြေအနေမဲ့သွားစေပါတယ်။ နီပေါနိုင်ငံဘက်ကို ထွက်လာတဲ့ တိဗက်လူမျိုးတွေဟာ အခု ပြည်နှင်ဒဏ်ပေးခံရမှာကို အလွန်အမင်း ကြောက်ရွံ့နေပြီး သူတို့ရဲ့ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်ခံနေရပါတယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly