ခရမ်းမြို့ကို အဝင် အထွက် ပိတ်ထား၊ မြို့နယ်အတွင်း ရှာဖွေမှုများ လုပ်ဆောင်မည်ဟု သတင်းထွက်ပေါ်နေ

ခရမ်းမြို့ကို အဝင် အထွက် ပိတ်ထား၊ မြို့နယ်အတွင်း ရှာဖွေမှုများ လုပ်ဆောင်မည်ဟု သတင်းထွက်ပေါ်နေ

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက လက်ရှိတွင် ဝင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားပြီး  မြို့နယ်အတွင်း၌ ရှာဖွေမှုများ လုပ်ဆောင်မည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း ခရမ်းဒေသခံများထံက သိရသည်။

ခရမ်းမြို့နယ်မှ သန်လျင်မြို့ကို ဖြတ်ကာ ရန်ကုန်မြို့သို့ သွားသည့် လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းကတည်းက ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။

“ခရမ်းမြို့နယ်ကို သန်လျင်ဘက်က ဝင်တဲ့ လမ်းရှိတယ်။ ပဲခူးဘက်က ဝင်တဲ့ လမ်းရှိတယ်။ ပဲခူးဘက်က တော့ လုံး၀၀င်ထွက်ခွင့် မပေးတော့ဘူး။ မနက်အစောပိုင်းကလည်း သန်လျင်ဘက်ကနေ ရန်ကုန်ကို သွားမယ့် ယာဉ်တွေကို ထွက်ခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်မှ ထွက်ခွာမည်ဆိုပါက ရုံးကိစ္စနှင့် ဆေးကုသခြင်းများအတွက်သာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားလာခွင့်ပြုထားကြောင်း၊ ခရမ်း-ရန်ကုန်ပြေးဆွဲသည့် တက္ကစီယာဉ်ငယ်များမှာလည်း ထွက်ခွာခွင့်မရဘဲ အခက်အခဲ ဖြစ်ပေါ်လျက်ရှိနေသည် ဟုဆိုသည်။

“ခရမ်းမှာ တပ်ရင်းမှူးရောက်နေတယ်လည်း ကြားတယ်။ စစ်အင်အား ဖြည့်တင်းမှုတွေလည်း ရှိနေတယ်ဆိုပြီး ပြောနေကြတယ်။ မနက်ပိုင်းကလည်း အိမ်တစ်အိမ်ကို ဝင်ရှာသွားတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ခရမ်းဒေသတွင်းမီဒီယာဖြစ်သည့် Khayan Channel မှလည်း ခရမ်းမြို့ အဝင် အထွက်  သုံးရက်တိတိ ပိတ်ဆို့ထားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ခရမ်းမြို့ကို စစ်တပ်အင်အား ထပ်မံဖြည့်တင်းဆောင်ရွက်ထားကြောင်း သိရှိရသည့်အတွက် မြို့တွင်းနေပြည်သူများအနေဖြင့် အရေးကြီးကိစ္စမရှိပါက အပြင်မထွက်ရန်အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required