ပုလဲမြို့နယ် သပြေကုန်းရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ပုလဲမြို့နယ် သပြေကုန်းရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ဒီဇင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် သပြေကုန်းရွာ အနောက်ဘက်၌ ယာဉ်သုံးစီးပါ စစ်ကောင်စီ ခြေလျင်တပ်ကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အဖွဲ့မှ ဗိုလ်နဂါးက ပြောသည်။ 

ပဒေသာမိုင်း အကြီး လေးလုံး၊ တစ်ဖက်ပွင့် စိန်ပြောင်း လေးလုံးတို့ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

"အခုထောင်တဲ့ဟာ အရင်ထက် တစ်ဆခွဲလောက် ကြီးတယ်။ တော်တော်လည်း ပြင်းတယ်။ အကြီးစားတွေ။ ရှစ်ယောက်လောက် ကားပေါ်က လွင့်သွားပြီး အောက်မှာ မလှုပ်တော့ဘူး။ ကားပေါ်မှာလည်း ဒဏ်ရာရသွားတဲ့ လူတွေ ရှိတယ်။ အသံလည်း တော်တော် ကျယ်တယ် "ဟု ဗိုလ်နဂါးက ပြောသည်။ 

ထိခိုက်သော ကားများကို စစ်ကောင်စီက သံကြိုးဖြင့် ဆွဲကာ ပြန်ယူသွားသည်ကို တွေ့မြင် ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ဒီဇင်ဘာလ ၁၅ ရက်ကလည်း ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါလမ်းပိုင်း ကုက္ကိုကုန်းရွာ အနောက်ဘက်၌ ယာဉ် ၅၄ စီးပါ စစ်ကောင်စီ ခြေလျင်တပ်ကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့က လေးကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦး သေဆုံးကြောင်း PPDF က ထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required