မလေးရှားမှာ အင်ဒိုနီးရှား ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ စက်လှေ နစ်မြုပ်ပြီး ၁၆ ဦး သေဆုံး 

မလေးရှားမှာ အင်ဒိုနီးရှား ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ စက်လှေ နစ်မြုပ်ပြီး ၁၆ ဦး သေဆုံး 
Photo - AFP

ဒီဇင်ဘာလ ၁၆ ရက်

မလေးရှား ကမ်းခြေမှာ အင်ဒိုနီးရှား ရွှေ့ပြောင်းဝင်ရောက်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိပြီးနောက်မှာ စက်လှေနစ်မြုပ်မှုအတွင်း သေဆုံးတဲ့သူဦးရေဟာ ကြာသပတေးနေ့မှာဆိုရင် ၁၆ ဦးအထိ ရောက်ရှိလို့ လာပါတယ်။ 

အိမ်နီးချင်း မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၅၀ ခန့်ကို တင်ဆောင်လာတဲ့ စက်လှေဟာ တောင်ပိုင်း ဂျိုဟာပြည်နယ် ကမ်းလွန်မှာ ဗုဒ္ဓဟူးနေ့က လှိုင်းလေထန်ပြီး နစ်မြုပ်ခဲ့တာပါ။ 

စက်လှေနစ်မြုပ်ပြီး နာရီပိုင်းအကြာမှာ ကင်းလှည့်တဲ့ စစ်သားတွေက ကမ်းခြေမှာ ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိတာ ဖြစ်ပါတယ်။ နောက်တစ်နေ့ ကြာသပတေးနေ့မှာ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိကြောင်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။ 

ရွှေ့ပြောင်းဝင်ရောက်သူ အယောက် ၂၀ လောက် ပျောက်ဆုံးနေဆဲလို့ ယူဆရပြီး အာဏာပိုင်တွေဟာ စက်လှေတွေအပြင် ရဟတ်ယာဉ်တစ်စင်းပါ ဖြန့်ကြက်ပြီး ရှာဖွေရေး ဆောင်ရွက်နေပါတယ်။ 

စက်လှေနစ်မြုပ်မှုမှာ အသက်ရှင်ကျန်ရစ်သူ ၁၄ ဦးကိုတော့ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ 

အလုပ်အကိုင်အတွက် ကြံရာမရကြတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ အိမ်နီးချင်း မလေးရှားနိုင်ငံဆီ ခနော်နီ ခနော်နဲ့ စက်လှေတွေနဲ့ ပင်လယ်ကို ဖြတ်ပြီး တရားမဝင် ဝင်ရောက်ကြလေ့ ရှိပေမယ့် စက်လှေမတော်တဆမှုတွေ အဖြစ်များလေ့ ရှိပါတယ်။ 

နှိုင်းယှဉ်မှုအရ ချမ်းသာကြွယ်ဝတဲ့ မလေးရှားနိုင်ငံဟာ အာရှရဲ့ ဆင်းရဲတဲ့ ဒေသတွေက ရွှေ့ပြောင်းဝင်ရောက်သူ သန်းပေါင်းများစွာ ရောက်ရှိရာနိုင်ငံဖြစ်လာပြီး အများစုက အထောက်အထားမဲ့ ဝင်ရောက်သူတွေဖြစ်ကာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးအပါအဝင် စက်မှုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required