စစ်ကောင်စီကို ဖိအားပေးရေးနှင့် မြန်မာတွင် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ရေး အမေရိကန်နှင့် မလေးရှား ဆွေးနွေး

စစ်ကောင်စီကို ဖိအားပေးရေးနှင့် မြန်မာတွင် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ရေး အမေရိကန်နှင့် မလေးရှား ဆွေးနွေး
Photo - courtesy of Malaysia's Foreign Affairs Ministry

ဒီဇင်ဘာလ ၁၅ ရက်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားနိုင်စေရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးသွားရန် နည်းလမ်းလုပ်ဆောင်ချက်များနှင့် စပ်လျဥ်းပြီး အမေရိကန်နှင့် မလေးရှားတို့ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာ့အကျပ်အတည်းသည် စစ်အာဏာသိမ်းပြီးနောက် ၁၀ လအကြာတွင် ဆက်လက်ပြီး ပိုမိုဆိုးဝါးလာနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီဇင်ဘာ ၁၅ ရက်၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနှင့် ဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပြုသည်။

"အဲဒါတွေက ဖြစ်ရပ်မှန်တွေပါ" ဟု ၎င်းက ပြောသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်းပြောင်းသွားစေရန် ဖိအားပေးရင်း လုပ်ဆောင်ထားခဲ့သည့် အမျိုးမျိုးသော လုပ်ဆောင်ချက်များကို အကြမ်းဖျင်း ဖော်ပြရင်း ဘလင်ကန်က လက်ရှိအချိန်တွင် မြန်မာ၌ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်စေရေးအတွက် စစ်ကောင်စီအပေါ် တစ်ဦးချင်းအရ နှင့် စုပေါင်းလုပ်ဆောင်မှုအရ ဖိအားပေးလုပ်ဆောင်သွားနိုင်သည့် ထပ်တိုး ခြေလှမ်း၊ လုပ်ဆောင်ချက်များကို စဥ်းစားချိန်ဆသွားရန် အင်မတန် အရေးကြီးကြောင်း ပြောခဲ့သည်။

"အာဆီယံမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ငါးချက် ရှိပါတယ်၊ ဒါကို မြန်မာအာဏာသိမ်းစစ်အုပ်စုက သဘောတူလက်မှတ်ထိုးထားပါတယ်၊ အဲဒီ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်"

"ပြီးတော့ ဘုံသဘောတူညီချက် ငါးချက်အပေါ် ပေးထားတဲ့ ကတိကဝတ်တွေနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်နေသလား ဆိုတာကို ကျွန်တော်တို့ ကြည့်ရှု သုံးသပ်သွားရမှာဖြစ်တယ်" ဟု မစ္စတာ ဘလင်ကန်က ပြောသည်။

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်တိုးလုပ်ဆောင်မလားဆိုသည်နှင့် ရိုဟင်ဂျာ လူနည်းစုအပေါ် ဖိစီးနှိပ်စက်မှု လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်သလား ဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုကို ၎င်းက ပြန်လည် ဖြေဆိုသွားခဲ့ခြင်းဖြစ်သည်။

တချိန်တည်းမှာပင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ပြောကြားရာတွင် ရှေ့လထဲ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အင်မတန် အရေးပါလိမ့်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးများအနေဖြင့် တိုးတက်မှုအခြေအနေကို တိုင်းတာရန် "စစ်မှန်သည့်" သမိုင်းမှတ်တိုင်မျာကို ခွဲခြားဖော်ထုတ်သင့်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

"ကျွန်တော်တို့မှာ ဘုံသဘောတူညီချက် ငါးချက် ရှိပါတယ်၊ ဒါပေမယ့် အချို့ ကိစ္စအချက်တွေကို ဘယ်အချိန်မှာနဲ့ ဘယ်လိုမျိုး အောင်မြင်အောင် လုပ်ဖို့ လိုသလဲ ဆိုတာကို ကျွန်တော်တို့ ရွေးထုတ်မထားပါဘူး၊ ဒီတော့ နေ့ရက်တွေ၊ ရလဒ်တွေနဲ့ စပ်လျဥ်းလို့ တကယ့် လုပ်ဆောင်ချက်တွေ၊ တကယ့် သမိုင်းမှတ်တိုင်တွေကို ဖော်ပြတာက ကျွန်တော်တို့ရဲ့ အစည်းအဝေးအတွင်းမှာ ကျွန်တော်တို့ အောင်မြင်ရရှိအောင် ကြိုးစားရမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required