တော်လှန်လိုစိတ်ကို အခြေတည်လို့ အသက်နှင့် ရင်းရသည့် လက်နက်ထုတ်လုပ်မှု

တော်လှန်လိုစိတ်ကို အခြေတည်လို့ အသက်နှင့် ရင်းရသည့် လက်နက်ထုတ်လုပ်မှု

ဒီဇင်ဘာလ ၁၄ ရက်

သံတို၊ သံစ အစိတ်အပိုင်းများနှင့် မီးစက်သံ တဒုန်းဒုန်းကြား မိုးလင်းက မိုးချုပ်ထိ ကိုမေတီတာတို့ အဖွဲ့ အလုပ် လုပ်နေကြသည်။ 

သူတို့ စိတ်ပင်မကူးဘူးသည့် စစ်လက်နက်များကို ကိုယ်တိုင် ထုတ်လုပ်နေကြခြင်း ဖြစ်သည်။ 

ပုံမှန်ဆိုလျှင် သူတို့သည် စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်ကြသူများသာ ဖြစ်သည်။ ရွေးကောက်ခံ အရပ်သား အစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီး လက်နက်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်းအပေါ် နာကြည်း၊ တုံ့ပြန်လိုသည့် ပြင်းပြသောစိတ်က သူတို့အား လက်နက်ကိုယ်တိုင် ထုတ်လုပ်လာနိုင်သည့် တော်လှန်ရေးတပ်သားများ အဖြစ်သို့ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ 

ထိုသူများမှာ အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် တော်လှန်နေသည့် တိုင်းနှင့် ပြည်နယ် များထဲတွင်  တိုက်ပွဲအများအပြားဖြင့် စစ်ကောင်စီကို ဖိအားပေးနိုင်သည့် စစ်ကိုင်းတိုင်း အတွင်းက ယင်းမာပင်နယ်သားများ ဖြစ်သည်။ 

“တကယ်တော့ ကျွန်တော်တို့ MTT Production အစုအဖွဲ့လေးက NUG နဲ့ တရားဝင် ချိတ်ဆက် ထားတာမျိုး မရှိပါဘူး။ ငါ ဒါမျိုးလုပ်ချင်တယ်၊ မင်းစိတ်ဝင်စားရင် အတူလုပ်ရအောင် ဆိုပြီး စခဲ့တဲ့ အဖွဲ့လေးပါ" ဟု လက်နက်များ ကိုယ်တိုင်ထုတ်နေသည့် အဖွဲ့ခေါင်းဆောင်က ပြောသည်။ 

ယင်းမာပင် မြို့နယ်သည် ကနီ၊ ပုလဲ၊ ဆားလင်းကြီး မြို့နယ်များနှင့် နယ်မြေထိစပ်နေပြီး မုံရွာမြို့ နှင့်လည်း ချင်းတွင်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်း အဖြစ် နယ်မြေ တည်ရှိကြသည်။ ထိုမြို့ အားလုံးက လက်ရှိချိန်တွင်  စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသည့် မြို့များဖြစ်သည်။

မောင်းပြန်လက်နက် အပြည့်အစုံ ရှိသည့် အာဏာသိမ်း စစ်တပ်ကို ရရာ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ဒေသခံ လယ်သမားများက တော်လှန်တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

"ဒီလိုမျိုး လက်လုပ် လက်နက်ကြီးတွေ။ လက်လုပ်မိုင်းတွေ လုပ်နေတာတော့ လေးလလောက် ရှိပြီ။ ကျွန်တော်ကစပြီး တီထွင်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရှေ့မှာ ဆရာ တစ်ယောက်ရှိတယ်။ သူ့ဆီက လေ့လာပြီး ကိုယ်တိုင် လိုက်ထွင်တာမျိုးပေါ့" ဟု MTT Production ကို ဦးဆောင်သူ အသက် ၄၀ ဝန်းကျင်အရွယ် ကိုမေတီတာက ပြောသည်။ 

ကိုမေတီတာတို့က ၎င်းတို့ ထုတ်လုပ်သည့် လက်နက်ကြီးကို ရေနံပိုက်ဟု ခေါ်သည့် သံပိုက်လုံးများဖြင့် အသုံးပြုကာ တူမီးယမ်း၊ သံတို သံစများဖြင့် ထုတ်လုပ်ထားသည်။ စိန်ပြောင်း ၆၀ မမ လက်နက်ကြီး တစ်မျိုးနှင့် ခပ်ဆင်ဆင် လက်နက် ဖြစ်သည်။ သို့သော် ထို လက်နက်ကြီး၏ ပုံစံတူ မော်ဒယ်အတိုင်း ထုတ်လုပ်ထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ဒီဇိုင်းဖြင့် တီထွင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

"နှစ်မိုင်ခွဲလောက်က ပစ်မှတ်လောက်ထိကိုတော့ ပစ်လို့ရတယ်။ ဒါပေမဲ့ သုံးတဲ့ ယမ်းအမျိုးအစားအပေါ် မူတည်ပြီးတော့ ကွာနိုင်သေးတယ်။ ကျည်ဆန်က ပေါက်ကွဲခဲ့ရင်တော့ ပေ၂၀၀ ဝန်းကျင်က သူတွေကို ထိခိုက်နိုင်ပါတယ်" ဟု လက်လုပ် လက်နက်ကြီး၏ သက်ရောက်မှုကို သူက ပြောသည်။ 
“မခံချင်စိတ်က တွန်းပို့ခဲ့တာပေါ့" ဟု လက်နက်များ ထုတ်လုပ်ဖြစ်ပုံကိုလည်း ၎င်းက ပြောသည်။ 

စိုက်ပျိုးရေး လုပ်ကိုင်နေသူများ အဖို့ လက်နက် ထုတ်လုပ်မှုသည် လွယ်ကူခဲ့သည်တော့ မဟုတ်။ အသက်ပါ ပေးဆပ်ရပြီး ထိခိုက်ဒဏ်ရာများလည်း ရကြရသည်။ 

ထုတ်လုပ်ရေးအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပုံကိုလည်း ကိုမေတီတာက ပြန်ပြောပြသည်။ 

"ကျွန်‌တော်တို့ စမ်းသပ်ရင်း ရဲဘော်တစ်ယောက် ဆုံးရှုံးဖူးတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာက ပြင်းတယ်။ လည်ပင်းရယ်၊ လက်ဖျံရယ် ဘယ်ဘက်လက်သူကြွယ် ပြတ်သွားတယ်။ လက်ခလယ် တစ်ချောင်းလည်း ရစရာ မရှိအောင် စုတ်ပြဲနေတယ်။ ဒါပေမဲ့ အပြုံးတစ်ချက် မပျက်ဘဲ ဘော်ဒါတွေကို ပြန်ပြောတယ်။ ဘာမှမဖြစ်ဘူး။ ဒါကြောက်စရာ မဟုတ်ဘူးတဲ့။ စိုးရိမ်စိတ်နဲ့ ဆက်အလုပ် မလုပ်တော့မှာကို စိုးရိမ်နေပုံပဲ။  ပြီးတော့ ကျွန်တော့်ဘက်လှည့်ပြီး ကိုကြီး ကျွန်တော် သေနတ်ပစ်လို့ ရသေးတယ် မို့လားတဲ့။ ကျွန်‌တော် ပြန်ပြောလိုက်တယ်။  သိပ်ရတာပေါ့ ညီလေးရယ်လို့" ဟု ကိုမေတီတာက နစ်နာ ဆုံးရှုံးရသည့် ရဲဘော်တစ်ဦး အကြောင်း ပြောပြသည်။

၎င်းတို့၏ အဝေးပစ် လက်လုပ် လက်နက် ၆၀ ကို ဩဂုတ်လတွင် စတင် စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလတွင် နည်းပညာ မြှင့်တင်ကာ ပြန်လည် စမ်းသပ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

လက်ရှိတွင် ၎င်းတို့ စမ်းသပ် တီထွင်ထားသည့် အဝေးပစ်လက်နက်ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်များသို့ နည်းပညာအရ ထောက်ပံ့ ကူညီပေးလျက် ရှိပြီး တိုက်ပွဲများတွင် အသုံးပြု နေသည်မှာ လေးကြိမ်ခန့်ရှိပြီဖြစ်သည်။ 

လက်နက် ထုတ်လုပ်ရာတွင် သုံးစွဲရသည့် ငွေကြေးကိုမူ ကိုမေတီတာက သူ့သူငယ်ချင်းများထံ အကူအညီတောင်းပြီး လုပ်နေခဲ့ခြင်း ဖြစ်သည်။ 

"သူငယ်ချင်း တစ်ယောက်က ငွေဆယ်သိန်း စထောက်ပံ့တယ် ပေါ့ဗျာ။ ဒါနဲ့ စဖြစ်တာပါ။ အခြား သူငယ်ချင်းတွေဆီလည်း အကူအညီ လိုက်တောင်းရတာပေါ့။ လက်နက်ကြီး ကျည်တစ်လုံး ကတော့ သုံးသောင်းကျပ်လောက် ကုန်ကျနိုင်တယ်။ အခြား မီးစက်ဆီတို့ အဖွဲ့ထဲက လူငယ်တွေ အတွက် အစားအသောက် စားရိတ်တို့ ဒါတွေတော့ ရှိတာပေါ့"ဟု ကိုတီတာကပြောသည်။ 

ထိုသို့ လက်နက်ကြီးနှင့် လက်လုပ်မိုင်းများသည် စစ်တပ်ကို အထိနာစေရာ ထိုပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများကို စစ်ကောင်စီဘက်က ပိတ်ပင် သိမ်းဆည်းမှုများ လုပ်ဆောင်သည်။ 

"လွန်ခဲ့တဲ့ လေးလလောက်ကတည်းက သံပိုက်တို့ အခြား မိုင်းလုပ်တဲ့ နေရာမှာ သုံးတာ မျိုးတွေ ဆိုရင် ဝယ်လို့ မရအောင်လုပ်တာတွေ၊ သိမ်းတာတွေ လုပ်တယ်။  စက်ရေတွင်းတူးဖို့ သံပိုက်တွေတောင် အသိမ်းခံရတာမျိုး ရှိတယ် " ဟု လက်နက်ကြီးနှင့် မိုင်းများ ထုတ်လုပ်မည်ကို စိုးရိမ်သည့် စစ်ကောင်စီတပ်၏ ပြုမူပုံကို သူက ပြောသည်။ 

သို့သော် ဒေသခံများ၏ လက်နက် ထုတ်လုပ်မှုများကတော့ ရပ်တန့်မသွားပေ။ ကနီမြို့နယ် ချင်းတွင်း မြစ်ကြောင်းတွင် စစ်ကောင်စီ ရေယာဉ်များအား ရေမြှုပ်မိုင်းဖြင့် တိုက်ခိုက်နိုင်သည်က ဒေသခံများ၏ စစ်လက်နက် ထုတ်လုပ်ရာတွင် တိုးတက်လာမှုကို မီးမောင်း ထိုးပြနေသည်။ 

MTT Production သည်လည်း လက်နက်ထုတ်လုပ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရပြီး ပြည်သူများ ကူညီပေးရန် အတွက်လည်း တောင်းဆိုထားသည်။ 

"ကိုယ့်စိတ်ကူးနဲ့ တည်ဆောက်ထားပြီး မိတ်ဆွေတွေရဲ့ အတောင်ပံနဲ့ ပျံသန်းနေခဲ့တာပါ။ ဝေးဝေးနဲ့ မြင့်မြင့် ပျံနိုင်ဖို့ ကျွန်တော်တို့ အတောင်ပံတွေ ဒီထက်ပိုပြီး ကြီးမားဖို့ လိုအပ်နေတယ်ခင်ဗျာ" ဟု အဖွဲ့ခေါင်းဆောင် ကိုမေတီတာက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly