လှိုင်သာယာ ပေါက်ကွဲမှုဖြစ်စဉ်အပြီး လူငယ် ၃ ဦး ဖမ်းဆီးခံရ

လှိုင်သာယာ ပေါက်ကွဲမှုဖြစ်စဉ်အပြီး လူငယ် ၃ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၁၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ပေါ်ဆန်းမွှေး(၁)လမ်းရှိ အဆောင်တစ်ခုတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်အပြီး စစ်ကောင်စီမှ ရပ်ကွက်အတွင်းရှိ လူငယ်သုံးဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

"စစ်ကောင်စီက မနေ့ညက ညတွင်းချင်းကို ရပ်ကွက်ထဲ လိုက်ရှာပြီးဖမ်းတာ။ မဆိုင်တဲ့လူတွေ ပါသွားတာ၊ လက်ဖက်ရည်ဆိုင်က ကောင်လေးတွေရော ပါသွားတာ၊ ၁၄ ရပ်ကွက်ထဲလည်း ဝင်မွှေပြီး ဖမ်းသွားတယ် ပြောတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးမှာ ပေါက်ကွဲမှုကြောင့် ခြေပြတ်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးခန်းပို့ရန် စီစဉ်နေစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

"ခြေထောက်ပြတ်သွားတဲ့ ကောင်လေးဆို နာလို့ ဆေးခန်းပြပေးကြပါ ကူညီပေးကြပါလို့ အော်နေတာ ဘယ်သူမှ မကူညီကြဘူး။ ပြည်သူတွေပဲဟာကို အချင်းချင်းကူညီပေးကြပါ။ မဆိုင်သလိုကြီး မနေကြပါနဲ့။ အနည်းဆုံး သွေးတိတ်အောင်တော့ လုပ်ပေးလို့ရတာပဲ။  အခုက ဒဏ်ရာနဲ့အော်နေတဲ့သူကို ဒီတိုင်းကြီးရပ်ကြည့်နေကြတယ်။  နောက်ဆို အဲ့လိုတွေ့ရင် မ
ဆိုင်သလိုမနေဘဲ ကူညီပေးကြပါ"ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ထိုပေါက်ကွဲမှုသည်  ညနေ ၅ နာရီ မိနစ် ၃၀ ခန့်မှ ည ၈နာရီ ဝန်းကျင်အတွင်း ဗုံးခုနစ်လုံးပေါက်ကွဲခဲ့ပြီး လေးလုံးမြောက် ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်သားများက စစ်ကားအများအပြားဖြင့် ရောက်ရှိလာကာ အနီးအနားက လူငယ်အချို့ကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required