လေးကေကော်မြို့သစ်ကို စစ်တပ်ဝင်စီး၊ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

လေးကေကော်မြို့သစ်ကို စစ်တပ်ဝင်စီး၊ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ
​​​​​​​ဓာတ်ပုံ- KIC (ပုံအဟောင်းဖြစ်ပါသည်။)

ဒီဇင်ဘာလ ၁၄ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေးကေကော် မြို့သစ်ကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၈ နာရီမှ စတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သမားများ ဝင်ရောက် နေထိုင်သည်ဆိုသော အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

အင်အား ၂၀၀ ဝန်းကျင် ပါဝင်သော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်းက ဝင်ရောက် စီးနင်းခြင်း ဖြစ်သည်။ 

“စစ်ကြောင်းနှင့် ပြဿနာတက်နေလို့ အခု ညှိနှိုင်းနေတယ် ”ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူ တစ်ဦးက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း လေးကေကော် မြို့သစ်ကို စစ်ကောင်စီတပ်က ယခုအကြိမ်နှင့် ဆိုလျှင်  ခုနစ်ကြိမ်မြောက် ဝင်ရောက် စစ်ဆေးခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် နှစ်ဘက် စစ်ရေးတင်းမာနေပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင် နေရသကဲ့သို့ ဖုန်းအင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။

“အခု ယိုးဒယား (ထိုင်း) ဖုန်း တစ်ခုပဲ သုံးလို့ရတယ်” ဟု အဆိုပါနေရာရှိ  သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ လေးကေကော်မြို့သစ်တွင် ဖမ်းဆီးခံထားရမှု အသေးစိတ်ကို မသိရသေးဘဲ နောက်ဆက်တွဲ အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

လေးကေကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required