ရန်ကုန်၊ ဇန်နဝါရီ ၄။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်သာမဟုတ်ပဲ အမှန်တကယ်အလုပ်လုပ်မည့် သူများကို အစိုးရအဖွဲ့ ဝန်ကြီးများအဖြစ်ခန့်အပ် သွားမည်ဟု အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၄ရက်နေ့တွင်ကျင်းပသည့် ၆၈ကြိမ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။
အစိုးရအဖွဲ့ဖွဲ့ရာတွင် ဝန်ကြီးများနေရာများကို တောင်းခံခြင်းများကိုပါတီဝင်များအနေဖြင့် မပြုလုပ်ရန်နှင့် ပြုလုပ်ပါကလည်း ချမှတ်ထားသည့် စည်းကမ်းများဖြင့် ထိထိရောက်ရောက်အရေးယူသွားမည်ဟုလည်း ၎င်းက သတိပေးပြောကြားသေးသည်။
"မပြောပဲမနေနိုင်လို့ အခုပြောကိုပြောရမယ်။ ဝန်ကြီးလုပ်ချင်တဲ့သူတွေတော်တော်မှ ကျွန်မမကြိုက်ဘူး။ နောက်တစ်ခါဝန်ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်းတဲ့သူတွေ စည်းမျဉ်းစည်းကမ်းအရအရေးယူမယ်ဆိုတာကို ပြတ်ပြတ်သားသားဒီကနေပြောမယ်။ ဝန်ကြီးဆိုတဲ့နေရာကိုအလုပ်လုပ်မယ့်သူကိုပေးမှာပါ။ ပါတီဝင်မို့ဝန်ကြီး နေရာ ပေးမှာမဟုတ်ပါဘူး။" ဟု NLD အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင်ပါဝင်မည့် ဝန်ကြီးနေရာ ခန့်အပ်နိုင်မှုနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
NLD ပါတီဝင်တစ်ချို့က အစိုးရအဖွဲ့ဖွဲ့ပါကက ဝန်ကြီးနေရာတွင်တာဝန်ထမ်းဆောင်လိုသည်ဟု မိမိသို့စာရေး သားတောင်းဆိုခဲ့မှုများရှိခဲ့သည်ဟုလည်း ၎င်းက ဒီဇင်ဘာ ၂၆ရက်၊ အနှေးယာဉ်လုပ်သားများနှင့် တွေ့ဆုံချိန်တွင် ဖွင့်ဟပြောဆိုထားသည်။
၂၀၁၀ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီအစိုးရထံမှ ချောမွေ့စွာအာဏာလွှဲပြောင်းရယူရေးအတွက် ဦးသိန်းစိန်အစိုးရ နှင့် NLD တို့ကဆွေးနွေးမှုများပြုလုပ်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ရွေးကောက်ပွဲအနိုင်ရပါတီကို သက်ဆိုင်ရာအစိုးရသက်တမ်း ၅နှစ်ပြည့်ချိန်နှင့် ရွေးကောက်ပွဲမျာကျင်းပပြုလုပ်ပြီးသည့် ရက်ပေါင်း ၆၀တွင် လွှတ်တော်သစ်ခေါ်ယူခြင်းနှင့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၂၀ အတွင်း အနိုင်ရပါတီထံသို့ အာဏာလွှဲပြောင်းရမည်ဟု ပြဋ္ဌာန်းပါရှိသည်။
NLD သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာများ၏ ၈၀ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားသည့် ပါတီလည်း ဖြစ်သည်။