ပါကစ္စတန် ကရာချိမြို့ လေဆိပ်အနီး လူငယ် ၂ ဦး ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

By The News
14 December 2021
ပါကစ္စတန် ကရာချိမြို့ လေဆိပ်အနီး လူငယ် ၂ ဦး ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

ဂျာမနီနိုင်ငံကနေ ပါကစ္စတန်နိုင်ငံ ကရာချိမြို့သို့ လေယာဥ်ဖြင့် ဆိုက်ရောက်လာခဲ့သည့် ပါကစ္စတန်နိုင်ငံသားလူငယ်တစ်ဦးနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ညပိုင်းက မည်သူမည်ဝါမှန်း မသိရသူများက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ နှစ်ဦးသည် လေဆိပ်ရဲစခန်း၏ အပိုင်နယ်မြေအတွင်း ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရဲများ၏ ပြောကြားချက်အရ ၎င်းတို့သည် ဆာဖူးရာ ဂို့သ် မြို့ခံတစ်ဦးဖြစ်သည့် အက်တောလာ ခန်းထံမှ တိုင်ကြားမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး ခန်း၏ အဆိုအရ လက်ရှိတွင် ဂျာမနီ၌ ပညာသင်ယူ၊ အလုပ်လုပ်နေသည့် ၎င်း၏ သားဖြစ်သူ ရီဟန် ခန်း သည် မိသားစုပွဲတစ်ပွဲ ပါဝင်တက်ရောက်ရန် ဒီဇင်ဘာ ၄ ရက်ညပိုင်းက ကရာချိမြို့သို့ လေယာဥ်ဖြင့် ဆိုက်ရောက်ခဲ့ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူ အီဘရာဟင်က ၎င်းကို လေဆိပ်၌ သွားကြိုခဲ့ကြောင်း ပြောခဲ့သည် ဟု သိရသည်။

လေယာဥ်သည် ခရီးစဥ်အချိန်အတိုင်း ဆိုက်ရောက်ခဲ့သော်လည်း အီဘရာဟင်နှင့် ရာဟန်တို့ အိမ်ကို ပြန်ရောက်မလာခဲ့ကြောင်း အက်တောလာ က ပြောသည်။ အဆိုပါ လူငယ်နှစ်ဦး၏ မိုဘိုင်းဖုန်းများလည်း စက်ပိတ်ထားသည်ဟု အက်တောလာက ပြောသည်။ ထို့ပြင် အီဘရာဟင်၏ အကိုဖြစ်သူကိုလည်း ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းသည်လည်း လူငယ်နှစ်ဦး ပျောက်ဆုံးသွားသည်ကို မသိရှိဘဲဖြစ်နေကြောင်း အက်တောလာက ပြောသည်။

အက်တောလာ၏ အဆိုအရ မည်သူမည်ဝါမှန်း မသိရသူတချို့က အီဘရာဟင်နှင့် ရာဟန်ကို ပြန်ပေးဆွဲသွားသည်ဟု ဆိုသည်။ ယခုအခါ ရဲများက အက်တောလာ၏ တိုင်ကြားချက်နှင့်ပတ်သက်ပြီး ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်လျက် ရှိသည်။ ထိုဖြစ်စဥ် နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုက ကိုင်တွယ်စစ်ဆေးလုပ်ဆောင်နေသည်ဟု မာလီယာအရပ်ဒေသ အကြီးတန်းရဲမှူး အီရာဖန် အလီ ဘာဟာဒါက ပြောသည်။ ရရှိထားသည့် ရုပ်သံတစ်ခုအရ ရာဟန်သည် ကရာချိသို့ ဘေးကင်းစွာ ဆိုက်ရောက်ခဲ့သည်ကို မြင်တွေ့ရပြီး ယင်းနောက် ၎င်းသည် အီဘရာဟင်နှင့်အတူ လေဆိပ်ဝင်းမှ ကားတစ်စီးဖြင့် ထွက်ခွာသွားပြီးနောက် နှစ်ဦးသား ပျောက်ကွယ်သွားခြင်းဖြစ်သည်ကို သိရှိထားကြောင်း ဘာဟာဒါက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly