ပုလောတွင် စစ်ကောင်စီက ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချဟုဆို

ပုလောတွင် စစ်ကောင်စီက ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချဟုဆို

ဒီဇင်ဘာ ၁၁ ရက်

မြိတ်ခရိုင် ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒူရင်းပင်ရှောင်ရွာအတွင်းနှင့် မြို့ဟောင်းရွာ ကျေးရွာအနီးသို့ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ကျူးကျော် ဝင်ရောက်လာရာတွင် ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု ပုလော ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

စစ်ကောင်စီတပ် အင်အား ၁၀၀ နီးပါးဖြင့် ရွာအတွင်း ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ KNUနှင့် PRDF တို့ ပူးပေါင်းအဖွဲ့နှင့် ယနေ့နံနက် ၇ နာရီခွဲမှစတင်ကာ ၉ နာရီခွဲအထိ နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း တိုက်ပွဲတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီ ဘက်မှ သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဒေသခံရွာသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် စုစုပေါင်း လူ ၃၀ ဦးခန့်ကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး KNU နယ်မြေအတွင်း ဝင်ရောက်လာကြောင်း သိရသည်။

"မနက်ပိုင်းကတော့ တိုက်ပွဲပြင်းထန်တယ်၊ သူတို့ဖက်က သုံးဦး ကျသွားတယ်။ အခု နေ့လယ်ပိုင်း တိုက်ပွဲပြန်စဖြစ်တော့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀ ဦးကို လူသားဒိုင်းကာ အနေနဲ့ ပြုလုပ်ထားတော့ ကျွန်တော်တို့အဖွဲ့ ပြန်ပစ်ခတ်ဖို့ ခက်ခဲနေတယ်" ဟု ပုလော ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ရွာသားအချို့ကို ရိုက်နှက်မှုများလည်းရှိကြောင်း အဆိုပါ တာဝန်ခံက ပြောသည်။ 

ယနေ့ နေ့လယ် ၃ နာရီခွဲခန့်ကရရှိသည့် သတင်းအရ ဒူးရင်းပင်ရှောင်ရွာတွင် စစ်ကောင်စီမှ တပ်စွဲထားပြီး လက်နက်ကြီး သယ်ဆောင်လာသည့် ယာဉ်များလည်း ရောက်နေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required