တောင်သာမြို့မှ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ညီအစ်ကို ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

တောင်သာမြို့မှ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ညီအစ်ကို ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ဒီဇင်ဘာလ ၁၁ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ညီအစ်ကိုနှစ်ဦး၏ နေအိမ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံး၍ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း TTA ပြောက်ကျားတပ် (တောင်သာ)အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးမှာ ပျူစောထီး သင်တန်းဆင်းထားသည့် ကိုခင်ကိုနှင့် ကိုငငြိမ်းတို့ ဖြစ်ပြီး ကျေးရွာလူထုကို ဒုက္ခပေးသောကြောင့် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ က သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့ကြောင်း ၎င်းကပြောသည်။

"ခေါင်းကိုရော ကိုယ်ပိုင်းရော တေ့ပစ်ခဲ့တာပါ။ သူတို့က ရွာခံတွေရော PDF တွေကိုရော ချောက်ချ ဒုက္ခပေးခဲ့တာ အပြင် ပျူစောထီး သင်တန်းဆင်းနေတဲ့သူတွေပါ။ နောက်ပြီး ကျွန်တော်တို့ သတိပေးချင်တာက နောက်လည်း စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ထောက်တိုင်တွေ၊ ရွာကို ဒုက္ခပေးတဲ့သူမှန်သမျှ ပျူဒလန်တွေ ဆက်လုပ်နေမယ်ဆိုရင် လာရောက် ရှင်းလင်းဦးမယ်လို့ ပြောချင်ပါတယ်"ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ထိုပစ်ခတ်မှုတွင် TTA-ပြောက်ကျားတပ်(တောင်သာ)နှင့် Guardian of Mahlaing တပ်ဖွဲ့တို့ မဟာမိတ် ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

TTA-ပြောက်ကျားတပ်ဖွဲ့အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီ သတင်းပေးနှင့် ပျူစောထီးဆိုသူ ၁၅ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ခြုံကြီးရွာနှင့် နီးစပ်ရာ ရွာမှ ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ နီးပါးအား အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးက ခြုံကြီးရွာ တစ်ဖက်ရှိ ဘုရားလှရွာတွင် လွန်ခဲ့သည့် နှစ်ပတ်ကစတင်ကာ လူမြင်ကွင်းတွင် သင်တန်းပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required