ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ဆရီနဂါမြို့တံတိုင်းများတွင် ဂရက်ဖစ်တီ အနုပညာလက်ရာများ ရေးဆွဲ အလှဆင်

By ANI
11 December 2021
ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ဆရီနဂါမြို့တံတိုင်းများတွင် ဂရက်ဖစ်တီ အနုပညာလက်ရာများ ရေးဆွဲ အလှဆင်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားအုပ်ချုပ်ရေးအဖွဲ့က ဆရီနဂါအဆင့်မြင့် ခေတ်မီမြို့တော် (Smart City) စီမံကိန်းအစီအစဉ်အရ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်ရန် မြို့၏ တံတိုင်းကွက်လပ်နေရာများတွင် ဂရက်ဖစ်တီအနုပညာလက်ရာများကို ရေးဆွဲအလှဆင်ထားကြသည်။

လစ်လပ်နေသည့် နေရာများကို ပြောင်းလဲရန်နှင့် ကက်ရှ်မီးယားယဉ်ကျေးမှုကို ပုံဖော်သည့် ပန်းချီလက်ရာများ ရေးဆွဲရန် ငှားရမ်းခေါ်ယူခဲ့သည့် ကျွမ်းကျင်ပညာရှင်အများအပြားက ငှက်မျိုးစိတ်များ၊ ကက်ရှ်မီးယားယဉ်ကျေးမှုနှင့် အခြားအနုပညာလက်ရာများကို ရေးဆွဲခဲ့ကြသည်။

စည်ပင်သာယာရေးဌာနအရာရှိ အာသာအီမာခန်းက “ဂရက်ဖစ်တီရေးဆွဲခြင်းကို တံတိုင်းနံရံတွေနဲ့ ကုန်းကျော်တံတားတွေမှာ ရေးဆွဲခြင်းဟာ ဆရီနဂါ Smart City စီမံကိန်းအရ မြို့ကို အလှဆင်တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“အလှဆင်ထားတဲ့ နေရာတွေကို စိတ်ဝင်စားကြပါတယ်။ ပြည်တွင်းက ဧည့်သည်တွေရော၊ ပြည်ပက ဧည့်သည်တွေပါ သဘောကျကြပြီး ဆရီနဂါမြို့ကို ခရီးသည်တွေ ပိုမိုလာရောက်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ လုပ်ငန်းတွင် ပါဝင်သည့် ပန်းချီဆရာတစ်ဦး ဖြစ်သူ ဇာဟိုးကက်ရှ်မီရီက “ဒီနံရံ ဆေးရေးပန်းချီတွေ ရေးဆွဲရတဲ့အကြောင်းရင်းက မြို့တော်ကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုလာရောက်အောင် ဖြစ်ပါတယ်။ နံရံတံတိုင်းတွေ ညစ်ပတ်နေတာ ဘယ်သူမှ ကြိုက်မှာ မဟုတ်သလို လူတွေက မတော်တဆတောင် ထိမိချင်မှာ မဟုတ်ပါဘူး။ အခု လုပ်ငန်းဆောင်ရွက်နေချိန်မှာတောင် လူတွေ လာကြည့်ပြီး ဓာတ်ပုံတွေရိုက်ကြတယ်” ဟု ပြောကြားသည်။

လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ပန်းချီဆရာတစ်ဦးဖြစ်သူ မူဒါဆာအာမက်က ယခုလုပ်ဆောင်ချက်သည် အုပ်ချုပ်ရေးအဖွဲ့၏ ဆောင်ရွက်သင့်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

“ဆရီနဂါက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့နေရာဖြစ်လို့ ကြည့်ရတာ ညစ်ပတ်နေတဲ့ တံတိုင်းနံရံတွေနဲ့ အဆင်မပြေပါဘူး။ အခုလို အလှဆင်လိုက်တော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် မြို့ထဲကို လှည့်လည်သွားလာရာမှာ မျက်စိ ပသာဒကောင်းစေပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly