ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်း၊သာကေတမြို့နယ်နှင့် ချိတ်ဆက်ထားသော ဒေါပုံ(ဂျပန်တံတား)အဆင်း၊ မဟာဗန္ဓုလတံတား၊ သန်လျင်တံတားအဆင်းနှင့် သာကေတ ရွှေပုဇွန်ရှေ့တို့တွင် ဒီဇင်ဘာလ ၁၀ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကျပ်လျက်ရှိကြောင်း ဒေသခံထံမှ သိရသည်။
"အဲ့ဘက် (ဒေါပုံတံတား)ဘက် လမ်းသွားလျှောက်တာ စစ်ဆေးနေလို့ ပြန်လာရတယ်။ ကားတွေတား စစ်တယ်။ လာတဲ့လူတွေရဲ့ အိတ်တွေကိုလည်း စစ်တယ်။ ကားတွေလည်း ပိတ်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ဆေးသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ ယနေ့ ညနေ Silent Strike လှုပ်ရှားမှု အပြီးတွင် ယင်းကဲ့သို့ စစ်ဆေးတင်းကျပ်မှုများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ပြည်သူအများက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် အနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဈေးဆိုင်များ မဖွင့်ခြင်း၊ လမ်းပေါ်မထွက်ခြင်းဖြင့် တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲခဲ့ကြသည်။
စစ်ကောင်စီကမူ ထိုသပိတ်တွင် ပါဝင်သည့်အနေဖြင့် ပိတ်သိမ်းထားသည့် ဈေးဆိုင်များကို အတင်းအကျပ်ဖွင့်ခိုင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် ရန်ရှာခြင်းများ ပြုလုပ်ခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင် လမ်းမပေါ်ရှိ ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များကို စစ်သား၊ ရဲနှင့် စည်ပင် အလုပ်သမားများက ဆယ်ပေါင်တူဖြင့် ထုရိုက်ဖျက်ဆီးခဲ့ကြသည်။