သင်္ဃန်းကျွန်းတွင် ပိတ်ထားသည့် ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များ ဆယ်ပေါင်တူဖြင့် ထုရိုက်ဖျက်ဆီးခံရ

သင်္ဃန်းကျွန်းတွင် ပိတ်ထားသည့် ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များ ဆယ်ပေါင်တူဖြင့် ထုရိုက်ဖျက်ဆီးခံရ
ပုံစာ- ဖျက်ဆီးသိမ်းဆည်းသွားသည့် ဆိုင်ပစ္စည်းများကို သုမင်္ဂလာလမ်းပေါ်ရှိ မြို့နယ်စည်ပင်ရုံးတွင် ထားရှိနေပုံ။

ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင် လမ်းမပေါ်ရှိ ပိတ်ထားသည့် ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များကို ယနေ့ နေ့လယ် ၂ နာရီကျော်၌ စစ်သား၊ ရဲနှင့် စည်ပင် အလုပ်သမားများက ဆယ်ပေါင်တူဖြင့် ထုရိုက်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့် Silent Strike နေ့ ဖြစ်သည့်အတွက် ဈေးဆိုင်များပိတ်ပြီး ပြည်သူများ လမ်းပေါ်သို့ မထွက်ဘဲနေကာ သပိတ်မှောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို စစ်ကောင်စီက ထိုသို့ ပြုမူတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၊ ရဲနှင့် စည်ပင်အလုပ်သမား အများအပြားက ဘဝမြင့်မှတ်တိုင် လမ်းမတစ်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင် လေးဆိုင်ခန့်နှင့် ငါးကင်ဆိုင် တစ်ဆိုင်ကို ဖျက်ဆီးရန် စည်ပင် အလုပ်သမားများကို ခိုင်းစေခဲ့ပြီး ကွမ်းယာလှည်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။

“ဖျက်ဆီး အသိမ်းခံလိုက်ရတဲ့သူရဲ့ ကွမ်းယာဆိုင်လေးက စတီးတွေနဲ့ သေချာလေး ဆောက်ထားတာ။ သူ့ဆိုင်လေး ဖျက်နေတုန်းက သူငိုပြီး သွားတောင်းပန်နေတာ တွေ့တယ်” ဟု ဆိုင်များ ဖျက်ဆီးနေသည်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ယင်းသို့ ဖျက်ဆီးခံခဲ့ရသည့် ဆိုင်ပိုင်ရှင်အချို့မှာ ငိုယိုနေသည်ကို မဇ္ဈိမက တွေ့ရှိခဲ့ရပြီး ထိုနေရာတွင် သစ်သားအပိုင်းအစများ၊ ခုံကျိုး အပိုင်းအစများကိုလည်း တွေ့မြင်ခဲ့ရသည်။

ပုံစာ- ဖျက်ဆီးသိမ်းဆည်းသွားသည့် ဆိုင်ပစ္စည်းများကို သုမင်္ဂလာလမ်းပေါ်ရှိ မြို့နယ်စည်ပင်ရုံးတွင် ထားရှိနေပုံ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required