အာဖဂန်နစ္စတန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ချက်ချင်း သတ်ဖြတ်နေမှုများအတွက် တာလီဘန်တို့ကို ကမ္ဘာ့နိုင်ငံများက ရှုတ်ချ

အာဖဂန်နစ္စတန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ချက်ချင်း သတ်ဖြတ်နေမှုများအတွက် တာလီဘန်တို့ကို ကမ္ဘာ့နိုင်ငံများက ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ် သြဂုတ်လ၌ တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ယခင်အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲပြီး စစ်ဆေးမေးမြန်းမှုမရှိဘဲ ချက်ချင်းသတ်ဖြတ်နေမှုများ၊ အတင်းအကျပ် ပျောက်ကွယ်သွားစေမှုများ စသည့်ဖြစ်စဥ်များနှင့်ပတ်သက်ပြီး "အလွန်တရာ စိုးရိမ်မကင်း" ဖြစ်နေရကြောင်း အမေရိကန်နှင့် အခြားသော ကမ္ဘာ့နိုင်ငံများက ထုတ်ဖော်ခဲ့ကြသည်။

"လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားအဖွဲ့တွေ မှတ်တမ်းရယူထုတ်ဖော်ထားခဲ့တဲ့အတိုင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေ အတင်းအကျပ် ပျောက်ကွယ်နေမှုနဲ့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး မျှတစွာ စစ်ဆေးခံရတာမျိုး မရှိဘဲ ချက်ချင်းသတ်ဖြတ်ခံနေရမှု သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ မိမိတို့ အထူးတလည် စိုးရိမ်ပူပန်နေရပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ခဲ့သည့် အစီရင်ခံစာတစ်ရပ်ထဲတွင် သြဂုတ်လ ၁၅ ရက်နှင့် အောက်တိုဘာလ ၃၁ ရက်အကြားတွင် တာလီဘန်တို့၏ ဖမ်းဆီးခြင်းကို ခံရသူများ သို့မဟုတ် တာလီဘန်တို့ထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်း ၄၇ ဦးသည် သတ်ဖြတ်ခံ သို့မဟုတ် အတင်းအကျပ် ဖျောက်ဖျက်ခံရမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

တာလီဘန်အဖွဲ့သည် အာဖဂန်တွင် အာဏာပြန်ရပြီးနောက်ပိုင်း ယင်းနိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် လေးခုမှာတင် ယခင် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်း ၁၀၀ ကျော်ကို မစစ်ဆေးဘဲ ဗြုန်းချင်းဒိုင်းချင်း သတ်ဖြတ်ကွပ်မျက်မှု သို့မဟုတ် အတင်းအကျပ် ဖျောက်ဖျက်ပစ်မှုတို့ကို ကျူးလွန်ထားခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ပြောထားသည်။

တာလီဘန်တို့၏ ထိုလုပ်ရပ်များနှင့်ပတ်သက်ပြီး အမေရိကန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဒိန်းမတ်၊ အီးယူ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ မြောက် မက်ဆီဒိုးနီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေနှင့် ယူကရိန်းတို့က ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"ဒီလိုမျိုး လုပ်ရပ်တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အတူတူဖြစ်နေသလို တာလီဘန်တို့ ကြေညာထားခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ကွဲလွဲဆန့်ကျင်နေပါတယ်၊ အရင်အာဖဂန်အစိုးရ အရာရှိဟောင်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေအတွက် တနိုင်ငံလုံးမှာ ရာထူးအဆင့်အားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို အသေအချာ အသက်ဝင်အာဏာတည်စေရေး ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်ဖို့ မိမိတို့ဘက်က တာလီဘန်တို့ကို တောင်းဆိုတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ထွက်ပေါ်ထားတဲ့ ဖြစ်စဥ်ကိစ္စတွေကို မဆိုင်းမတွနဲ့ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှု လုပ်ရမှာဖြစ်သလို တာဝန်ရှိသူတွေကိုလည်း တာဝန်ခံခိုင်းစေရမှာဖြစ်ပါတယ်၊ ဒီလိုလုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်း လူသိရှင်ကြား ထုတ်ပြန်ရမှာဖြစ်ပြီး ဒါမှလည်း နောက်ထပ် သတ်ဖြတ်မှုတွေ၊ ဖျောက်ဖျက်မှုတွေမဖြစ်စေဖို့အတွက် အဟန့်အတားတစ်ခုအနေနဲ့ ချက်ချင်းလက်ငင်း ဟန့်တားနိုင်မှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် တာလီဘန်တို့ကို ယင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဆက်လက် တိုင်းတာအကဲဖြတ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly