မတရားဖမ်းဆီးခံထားရသူများအပေါ် ပြစ်ဒဏ်ချမှတ်သည့် အမိန့်များသည် တရားဝင်မှု မရှိကြောင်း NUG ထုတ်ပြန် ကြေညာ

မတရားဖမ်းဆီးခံထားရသူများအပေါ် ပြစ်ဒဏ်ချမှတ်သည့် အမိန့်များသည် တရားဝင်မှု မရှိကြောင်း NUG ထုတ်ပြန် ကြေညာ

ဒီဇင်ဘာ ၉

မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများအပေါ် စွဲဆိုထားသောအမှုများ အားလုံးသည် မူလစတင်တရားစွဲဆိုစဉ်ကပင် ပျက်ပြယ်သောအမှုများဖြစ်ပြီး အဆိုပါအမှုများအပေါ်တွင် ပြစ်ဒဏ်ချမှတ်သည့် အမိန့်များသည်လည်း လုံးဝ တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဒီဇင်ဘာလ ၉ ရက်တွင် ထုတ်ပြန် ကြေညာသည်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အပါအဝင်  တိုင်းရင်းသား၊ပြည်သူများသည်  ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ အကြောင်းပြချက်အမျိုးမျိုးဖြင့် တရားစွဲဆိုခံနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တရားမဝင် တာဝန် ထမ်းဆောင် နေကြသော တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ကြီးအား အားပေးကူညီ ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်များ အားလုံးကို NUG ၏ တရားရေးဝန်ကြီးဌာနက ပြဋ္ဌာန်းဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မတရားသဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခြင်းခံကြရသော ပြည်သူလူထုအသီးသီးတို့၏ လူ့အခွင့်အရေးနှင့် ဥပဒေအရ အခွင့်အရေး ဆုံးရှုံးနစ်နာမှုများအတွက် စစ်ကောင်စီတွင် လုံး၀ တာဝန်ရှိကြောင်းနှင့် ဥပဒေမဲ့ လုပ်ဆောင်မှုအားလုံးအတွက် စစ်ကောင်စီအဖွဲ့ဝင်များနှင့်တစ်ကွ အပေါင်းအပါများအားလုံး၏ အပေါ် တွင်လည်း ပြင်းထန် ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီကျင့်စဉ်များနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ခြင်း သည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ခြင်းပင်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းအပါများအား လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အုပ်စုအဖြစ် ထုတ်ပြန်ကြေညာထားသည်။ 

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက် မှစ၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံရေး ရာထူးလက်ရှိ ဖြစ်သူများ၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ် များနှင့် အပြစ်မဲ့
တိုင်းရင်းသားပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မဟုတ်မမှန်စွပ်စွဲ၍ တရားစွဲဆိုအပြစ်ပေးခြင်းများ ကျူးလွန်ထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required