ထိန်းသိမ်းထားသည့် ဖလမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် လူငယ်သင်တန်းကျောင်း ဒုဦးစီးမှူးတို့ကို ပြန်လွှတ်ပေးခဲ့ဟု CNDF ဆို

ထိန်းသိမ်းထားသည့် ဖလမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် လူငယ်သင်တန်းကျောင်း ဒုဦးစီးမှူးတို့ကို ပြန်လွှတ်ပေးခဲ့ဟု CNDF ဆို

ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့သို့ ပြန်လည်ကြွချီလာသည့် ဖလမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိက နှင့် သွားရောက် ပင့်ဆောင်သည့် လူငယ်သင်တန်းကျောင်းမှ ဒုတိယဦးစီးမှူး ဦးချစ်စန်း တို့ကို ယမန်နေ့ ဒီဇင်ဘာ ၈ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ် CNDF  တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါ ဖလမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် သွားရောက် ပင့်ဆောင်သည့် လူငယ် သင်တန်းကျောင်းမှ ဒုဦးစီးမှူးတို့ နှစ်ဦး ပျောက်ဆုံးနေသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

''မနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ CNO ရဲ့ ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် ခဏထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်တာပါ ၊ပြီးတော့ ဒုဦးစီးရဲ့ ဖုန်းထဲမှာလည်း စစ်ကောင်စီနှင့် ပတ်သက်တဲ့ အချက်အလက်တွေလည်း တွေ့ရပါတယ်။ ဒါကြောင့် ခဏထိန်းသိမ်းပြီး စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တာပါ'' ဟု ချင်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ခံကပြောသည်။

ဆရာတော်နှင့် ဒုဦးစီးမှူးတို့ကို ဒီဇင်ဘာ ၆ ရက်နေ့က ကလေးမြို့နှင့် ဖလမ်းကြား တစ်နေရာတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အနေဖြင့် မတရားအာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်၍ Civil Disobedience Movement တွင် ပါဝင်ကြရန်နှင့် လိုက်နာမှု မရှိသူများအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း CNO/CNDF မှ စက်တင်ဘာ ၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required