မတရားစွဲဆိုခံရသော အမှုများဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ ထောင်ဒဏ်ချမှတ်ခံရ

မတရားစွဲဆိုခံရသော အမှုများဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ ထောင်ဒဏ်ချမှတ်ခံရ

ဒီဇင်ဘာ ၈

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီတရားရုံးက ယနေ့တွင် ထောင်ဒဏ် လေးနှစ် ချလိုက်ပြီး မြို့တော်၀န် ဒေါက်တာရဲလွင်ကိုလည်း အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။

“စွဲထားတဲ့ အမှုတွေထဲက ဒီနေ့ အပြီးသတ် အမိန့်ချတာက ၅၀၅ (ခ)အတွက်က နှစ်နှစ် ချတယ်။ နောက်ပြီးတော့ သဘာဝဘေးပုဒ်မအတွက်က နှစ်ခုပေါင်း နှစ်နှစ်၊ တကယ်က ပုဒ်မ (၂၅) အတွက်က နှစ်နှစ်၊ ၃၀ (က) အတွက်က တစ်နှစ်၊ ဒါကို တစ်ပေါင်းတည်း ကျခံစေဆိုတော့ နှစ်နှစ်ပဲ ဖြစ်သွား တာပါ။ အားလုံးပေါင်း လေးနှစ် ဖြစ်ပါတယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီ အမိန့်ဖြင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅/၃၀ (က)၊ ဆူပူလှုံ့ ဆော်မှုပုဒ်မ ၅၀၅ (ခ)တို့အပြင် အဂတိပုဒ်မ အမှု ခုနစ်ခု စုစုပေါင်းအမှု ကိုးမှုဖြင့် ဖမ်းဆီး တရားစွဲထားခြင်းဖြစ်သည်။

ယနေ့တွင် သဘာဝဘေးပုဒ်မနှင့် ဆူပူလှုံ့ဆော်မှုပုဒ်မတို့ အတွက် လေးနှစ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယခု ပြစ်ဒဏ်အတွက် အယူခံဝင်၊ မဝင်နှင့် ပတ်သက်၍မူ မိသားစု သဘောထား မသိရသေးကြောင်း တရားလွှတ်တော် ရှေ့နေက ဆိုသည်။

ဝန်ကြီးချုပ်နှင့်အတူ မန္တလေးမြို့တော်၀န် ဒေါက်တာ ရဲလွင်သည်လည်း ဆူပူလှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ် ခံရသည်။

ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီး တရားစွဲခဲ့ခြင်း ဖြစ်သည်။

စည်ပင်ဝန်ထမ်းများအား လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် လှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required