ကန်ပက်လက်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးကျဆုံးဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ထုတ်ပြန်

ကန်ပက်လက်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးကျဆုံးဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ထုတ်ပြန်

ဒီဇင်ဘာ ၈

ချင်းပြည်နယ် ကန်ပက်လက် မြို့တွင်းတိုက်ပွဲ၌  စစ်ကောင်စီတပ်သား နှစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)(CDF Kanpetlet) က ထုတ်ပြန်သည်။

ကန်ပက်လက် မြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က မြို့တွင်းသို့ စစ်ကြောင်း ထိုးလာစဉ် RC ဘုရားကျောင်းအနီးအရောက် တိုက်ပွဲ စတင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၇ နာရီ မိနစ် ၃၀ မှ ၈ နာရီ မိနစ် ၃၀ အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“သူတို့က အင်အား ၂၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတာကို ကျွန်တော်တို့က စောင့်ကြို တိုက်ခိုက်ခဲ့တာပါ” ဟု CDF Kanpetlet တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲအပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ မြို့တွင်းသို့ ထပ်မံ ပြန်ဆင်းလာပြီး ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်းသိရသည်။

ကန်ပက်လက်မြို့တွင် အိမ်ခြေ ၁‚၅၀၀ နှင့် လူဦးရေ ၅‚၀၀၀ ခန့် နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အားလုံး နီးပါး မြို့ကိုစွန့်ခွာ၍ စစ်ဘေး တိမ်းရှောင် နေကြကြောင်း ချင်းကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

စစ်ဘေးရှောင် ဒေသခံများသည် ၎င်းတို့၏ ဝဥ စိုက်ပျိုးရေး လုပ်ငန်း အပါအဝင် ရောင်းဝယ် ဖောက်ကားမှုများ ရပ်ဆိုင်းသွားသောကြောင့် လူမှုဒုက္ခများနှင့် တွေ့ကြုံနေရပြီး စားနပ်ရိက္ခာများ ပြတ်လပ်တော့မည် အခြေအနေကို ရင်ဆိုင်နေရကြောင်းလည်း  ၎င်းက ပြောသည်။

ကန်ပက်လက်မြို့အတွင်း ဒီဇင်ဘာလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့များတွင်လည်း  တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း CDF Kanpetlet က ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required