ပြည်သူ ၁၁ ဦး မီးရှို့ခံခဲ့ရသည့် ဒုန်းတောရွာတွင် ၁၁ နှစ်အရွယ် မိန်းမငယ် အပါအဝင် လူ ၄ ဦးအလောင်း ထပ်တွေ့

ပြည်သူ ၁၁ ဦး မီးရှို့ခံခဲ့ရသည့် ဒုန်းတောရွာတွင် ၁၁ နှစ်အရွယ် မိန်းမငယ် အပါအဝင် လူ ၄ ဦးအလောင်း ထပ်တွေ့

ဒီဇင်ဘာ ၈

စစ်ကောင်စီတပ်က ပြည်သူ ၁၁ ဦးကို မီးရှို့ခဲ့သည့် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာအနီးတွင် အသက် ၁၁ နှစ်အရွယ် မိန်းမငယ် တစ်ဦးအပါအဝင် ပြည်သူ လေးဦး၏ အလောင်းကို ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ထပ်မံတွေ့ရှိထားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။ 

ယင်းအနက် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းရီ ဆိုသူတို့ နှစ်ဦး၏ အလောင်းကို ဒုန်းတောရွာ အပြင်ဘက်ရှိ ကွမ်းခြံထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်နှစ်ဦးမှာ အသက် ၈၀ အရွယ် ဒေါ်သန်းစိန်နှင့် ကျန်းမာရေး မကောင်း၍ လမ်းမလျှောက်နိုင်သည့် ဦးဉာဏ်ပို ဆိုသူတို့ဖြစ်ပြီး ၎င်းတို့နေထိုင်သည့် တဲအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု ဒေသခံမှ ပြောသည်။
 
“ဓားနဲ့ လည်လှီး အသတ်ခံရတယ်လို့တော့ ပြောတာပဲ၊ ဘယ်လို အသတ်ခံရတယ်ဆိုတာ ကျွန်တော်လည်း အတိအကျ မသိဘူး၊ မနေ့တည်းကဖြစ်မယ်။ မီးရှို့သတ်ခံရတဲ့ အိမ်ဝင်းထဲကပဲ၊ သူတို့တူတွေ၊ သားတွေပဲဗျ။ မနေ့က မီးရှို့အသတ်ခံရတဲ့ထဲမှာ ဦးဉာဏ်ပိုရဲ့ သားတစ်ယောက်လည်းပါတယ်။ တစ်ဆွေလုံး တစ်ဝန်းလုံးကို သတ်သွားတာ” ဟု အဆိုပါ ဒေသခံက ဆိုသည်။ 

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်တွင် စစ်ကောင်စီတပ်များ အရပ်သားသုံး ကားများဖြင့် ဝင်ရောက်ကာ ဒုန်းတောရွာ မြောက်ပိုင်းမှ နေအိမ်စုတစ်ခုကို ဝိုင်းဝန်းပစ်ခတ်ပြီး ထိုအိမ်စုမှ ပြည်သူ ၁၁ ဦးကို ကိုင်းတောနေရာတစ်ခုတွင် မီးရှို့သွားခြင်း ဖြစ်သည်။
 
ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး သုံးလောင်းနှင့် အမျိုးသားတစ်လောင်း စုစုပေါင်း လေးလောင်းထပ်မံတွေ့ရှိခဲ့၍ အဆိုပါ နေအိမ်ဝန်းမှ ပြည်သူ ၁၅ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

လက်ရှိတွင် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော အဆိုပါ ပြည်သူ ၁၅ ဦး၏ ရုပ်အလောင်းများကို ကျေးရွာမှ သင်္ဂြိုလ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။ 

ဒုန်းတောရွာသည် ဆားလင်းကြီးမြို့မှ ၆ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည့်ရွာဖြစ်ကာ စစ်ကောင်စီတပ်များ သုံးကြိမ်မြောက် ဝင်ရောက် မွှေနှောက်ခံခဲ့ရသည့် ရွာလည်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required