စစ်တပ်အထိနာသည့် ဒီပဲယင်းတိုက်ပွဲ

စစ်တပ်အထိနာသည့် ဒီပဲယင်းတိုက်ပွဲ

ဒီဇင်ဘာ ၈

“လုပ်ကြပါဦးဟ၊ ကယ်ကြပါဦးဟ၊ သေကုန်ပြီလားမသိဘူး” 

ထိုအော်ဟစ် အကူအညီတောင်းသံများက ပြီးခဲ့သည့် လများအတွင်းက “ သတ္တိရှိရင်ထွက်ခဲ့” ဟု  ပြည်သူများအား ရဲရဲတောက် စိန်ခေါ်ခဲ့သူများနှင့် တစ်ဖွဲ့တည်း၊ တစ်သားတည်းပင်ဖြစ်သည့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များထံကပင်ဖြစ်သည်။ 

ကူညီရန် ဟစ်အော်သည့် ထိုအသံများက ဒီပဲယင်းနယ် အနောက်ခြမ်းရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာအား ဒေသကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အချိန်က ဒီဇင်ဘာလ ၇ ရက် နံနက် ၇ နာရီဝန်းကျင် ၊ ဆောင်းရာသီမို့ နှင်းကွဲစပြုနေမည့်အပြင် နေရောင်နုနု ကြား သေနတ်သံများကိုကျော်၍ ထိုးခွင်းထွက်လာသည့် အသံပင်ဖြစ်သည်။ 

“သူတို့ အထိုင်ချထားတဲ့ နေရာကို ကျွန်တော်တို့ အဖွဲ့တွေက တိုက်တာပါ။ အဲ့ဒီ တောတစ်နေရာမှာ တိုက်ခိုက် ခံလိုက်ရတော့ သူတို့ အငိုက်မိသွားတဲ့သဘော။ ချုံတွေထဲ အတင်းပြေးပြီး ကူပါ ကယ်ပါ အော်နေတာ။ ကျွန်တော်တို့က အပိုင်တွယ်ရတာ။ သူတို့ ယှဉ်ပြီးမပစ်ရဲဘူး ”ဟု တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်သူ ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးက ပြောသည်။ 

ထိုတိုက်ပွဲတွင် နှစ်နာရီခန့်ကြာ နှစ်ဖက် တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအဝင် ဦးရေ ၅၀ ခန့်ကျဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။ 

အကျအဆုံးများကာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သားများက အသံဖြင့်သာ ဟစ်ကြွေး အကူအညီတောင်းသည်မဟုတ် လေကြောင်းဖြင့်ပါ အကူအညီပေးရန် တောင်းခံခဲ့သဖြင့် စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်။ 

“တိုက်ပွဲ ပြင်းထန်ပြီး သိပ်မကြာလိုက်ဘူး။ သူတို့ဘက်က လေယာဉ်တစ်စင်း လာတယ်။ စက်သေနတ်တွေနဲ့ရော ဗုံးသီးတွေပါ ကြဲချကြတယ်။ ရွာတွေထဲကို ချိန်ပြီးတော့ကို ပစ်ကြတာ။ တော်တော်ကြာအောင်ပစ်တယ်” ဟု လေကြောင်းပစ်ခတ်ပုံကို ဒေသ ကာကွယ်ရေး တပ်သားတစ်ဦးက ပြန်ပြောင်း ပြောပြသည်။ 

လေကြောင်း ပစ်ကူမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မပြောလိုဟု ၎င်းကဆိုသည်။ 

စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တစ်စင်း တိုက်ပွဲငြိမ်သက်ချိန်တွင် ထပ်မံ ဆင်းသက်လာပြီး ကျဆုံးသွားသည့် အရာရှိအလောင်းကို သယ်ဆောင်သွားခဲ့သည်။ 

တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင်း ဒီပဲယင်းမြို့နယ်က သင်္ဃန်းကြီး၊ အင်ကြင်းကုန်း၊ မလုံးတင် နှင့် တိုက်ပွဲအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများက ထွက်ပြေးတိမ်းရှောင်ကြရသည်။

စစ်ကောင်စီတပ်က စစ်ရေးတင်းမာလျက်ရှိသည့် ဒီပဲယင်းနယ်ကို လေကြောင်းပစ်ခတ်မှု မကြာခဏ ပြုလုပ်လေ့ရှိပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ညောင်လှရွာအနီးဝန်းကျင်ကို တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။  

စစ်ကိုင်းတိုင်းတွင် ကျေးရွာပေါင်း ၆‚၀၀၀ ခန့် ရှိပြီး ရွာတိုင်းနီးပါးက စစ်အာဏာသိမ်းမှုကို မလိုလားသည့်အပြင် စစ်ကောင်စီ၏ ရက်စက်၊ အနိုင်ကျင့်၊ လုယက် ၊ သတ်ဖြတ်မှုများကြောင့် ရရာလက်နက် စွဲကိုင်တော်လှန်လျက် ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။ 

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်သားများကိုလည်း ဒေသခံများက ချစ်ခင်၊ အားပေး၊ ထောက်ခံကြသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့ဝင်များ တိုက်ပွဲပြန်ကို ကြိုဆိုနေသည့် ပုံများနှင့် ဗီဒီယိုဖိုင်များတွင်  အထင်းသားမြင်တွေ့နေရသည်။ 

“ဒီမှာက ရွာတိုင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေပဲ။ ကျွန်တော်တို့တွေ တိုက်ပွဲထွက်လို့ ရွာထဲကို ဝင်ကြပြီ ဆိုရင် ရွာသူ ရွာသားတွေက စားဦး၊စားဖျားတွေ ရှိတာတွေ အကုန် ချကျွေးတာဗျ။  တပ်သားတစ်ယောက်ကို ခြင်းတောင်းတစ်လုံး အပြည့် သယ်သွားလို့တောင် ရတယ်။  ကွာခြားတာက ဟိုစစ်ခွေး (စစ်ကောင်စီတပ်သား) တွေ လာပြီဆို တစ်ရွာလုံး ဘယ်သူမှ မရှိတော့ဘူး။ အကုန်ပြေးရတာ  ” ဟု ပြည်သူ့ကာကွယ်ရေး တပ်သားက ပြောပြသည်။ 

တိုက်ပွဲ ပြင်းထန်နေချိန်တွင် သတင်းများ ဖြန့်ဝေခြင်းက ကာကွယ်ရေးတပ်သားများအတွက် စစ်ရေး လုပ်ဆောင်ချက်များကို နှောင့်နှေးစေကြောင်းနှင့် ထိုသို့ မပြုကြရန်လည်း ပြည်သူ့ ကာကွယ်ရေး တပ်သားများက ပြည်သူ့ထံသတင်း စကားပါးသည်။ 

စစ်ကောင်စီတပ်ကတော့ ၎င်းတို့အား အင်အားကောင်းစွာ၊ စိတ်ဓာတ်ခိုင်မာစွာဖြင့် တွန်းလှန်နေသူ များစွာရှိနေသည့် စစ်ကိုင်းတိုင်းကို ရေကြောင်း၊လေကြောင်းနှင့် ကုန်းကြောင်း အစုံသုံးကာ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required