တရုတ်က ရာသီဥတုထိန်းသိမ်းရေး ကတိများပေးထားသော်လည်း ဘော့စနီးယားနှင့် ဟက်စာဂိုဗီးနား ဒေသတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ငွေကြေးထောက်ပံ့နေ

တရုတ်က ရာသီဥတုထိန်းသိမ်းရေး ကတိများပေးထားသော်လည်း ဘော့စနီးယားနှင့် ဟက်စာဂိုဗီးနား ဒေသတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ငွေကြေးထောက်ပံ့နေ

ရာသီဥတုထိန်းသိမ်းရေးဆောင်ရွက်ရန် ကမ္ဘာ့အဆင့်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုထားသော်လည်း တရုတ်အစိုးရက ဘော့စနီးယားနှင့် ဟက်စာဂိုဗီးနားဒေသတွင် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားစက်ရုံများတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါဒေသတွင် တရုတ်နှင့် တရုတ်-ပိုလန် ဖက်စက်ကုမ္ပဏီများက တည်ဆောက်နေသည့် ကျောက်မီး သွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားစက်ရုံသစ် Ugljevik III အတွက် မြေပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ကျောက်မီးသွေးများကို မီးရှို့ခြင်းကြောင့် အဆိုပါ ကျေးရွာရှိ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေသည်ဟု ဝါရှင်တန်အခြေစိုက် The Diplomat မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲခြင်းအား ထိန်းသိမ်းရန် ကတိအမျိုးမျိုးပေးထားသလို ကျောက်မီးသွေးစွမ်းအင်မှ ဓာတ်အား ထုတ်လုပ်ခြင်းအား ငွေကြေးထောက်ပံ့မှုများအား ထိန်းချုပ်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က ကတိများ ပေးထားသော်လည်း တရုတ်အစိုးရက Ugljevik နှင့် အခြားဥရောပမြို့များတွင် ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ရန် စီစဉ်ထားသည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသစ်တစ်ရုံ တည်ဆောက်ခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက် စိတ်ပျက်စရာ ကောင်းကြောင်း သုတေသနပညာရှင်များ ဖြစ်ကြသည့် ဝါဝါဝမ်းနှင့် နီလတ်စ်ရီဆာရေတို့က The Diplomat မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ကြပ်မတ်ရသည့် Espoo Convention အဖွဲ့က ဘော့စနီးယားနှင့် ဟက်စာဂိုဗီးနားဒေသတွင် လုပ်ဆောင်နေသည့် ကျောက်မီးသွေးစက်ရုံ

စီမံကိန်းများကို စစ်ဆေးလျက်ရှိသည်။ ယင်းစီမံကိန်းများသည် နယ်စပ်ဖြတ်ကျော် ဆွေးနွေးသဘောတူညီချက်များနှင့် မကိုက်ညီဟု သံသယရှိနေကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဆာဘီးယားတို့တွင် တည်ဆောက်နေသော တရုတ်က ငွေကြေးပံ့ပိုးထားသည့် ဓာတ်အားပေးစက်ရုံများသည် အန္တရာယ်များရှိနေကြောင်းလည်း ဝါရှင်တန်အခြေစိုက် The Diplomat မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါစီမံကိန်းများသည် ခန့်မှန်းခြေအားဖြင့် လျှပ်စစ်ဓာတ်အား ၃၆၄၅ မဂ္ဂါဝပ်ကျော် ထွက်ရှိနိုင်မည်ဟု အဆိုပါ မဂ္ဂဇင်းတွင် ရေးသားထားသည်။ နောက်ထပ် ဓာတ်အား ၁၀ ဂဂ္ဂါဝပ် ထွက်ရှိနိုင်မည့် ကျောက်မီးသွေး ဓာတ်အားပေးစီမံကိန်းများကို ပြည်ပနိုင်ငံများတွင် တည် ဆောက်ရန် ဆွေးနွေးနေပြီး မကြာမီ စတင်နိုင်လိမ့်မည်ဟုလည်း ဝါဝါဝမ်းနှင့် နီလတ်စ်ရီဆာရေတို့က ရေးသားထားသည်။

“ဓာတ်အားပေး စက်ရုံတိုင်းက သက်တမ်း၄၀ ကနေ ၅၀ အထိရှိပါတယ်။ ဒီစက်ရုံတွေ စလည်ပြီဆိုရင် ဂျီ-၁၀ ထိပ်သီးဆွေးနွေးပွဲက ကတိကဝတ်နဲ့ COP26 ဆွေးနွေးပွဲမှာ တရုတ်-အမေရိကန် ပူးတွဲကြေညာချက်တွေလို နိုင်ငံတကာ ရာသီဥတုဆိုင်ရာ သဘောတူညီချက်တွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်” ဟုလည်း ၎င်းတို့က ရေးသားထားသည်။

ပြည်ပနိုင်ငံများတွင် တရုတ်၏ ငွေကြေးပံ့ပိုးမှုဖြင့် တည်ဆောက်ထားသည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းအများအပြားသည် အိမ်ရှင်နိုင်ငံက လိုအပ်သည့် တရားဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်များ၊ ခွင့်ပြုချက်များနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ဖော်ပြထားသည်။ အခြားစီမံကိန်းများသည်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ သို့မဟုတ် ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုများကြောင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly