စစ်ကောင်စီတပ်က တောင်သူ ၁ဦးကို မီးရှို့သတ်ဖြတ် ဟုဆို

စစ်ကောင်စီတပ်က တောင်သူ ၁ဦးကို မီးရှို့သတ်ဖြတ် ဟုဆို

ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချောင်းခွရွာနေ ငွန်နေထန်း Ngun Nei Thang ကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) က ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန် ကြေညာသည်။ 

“သူက လူအေးပါ၊ နိုင်ငံရေးတွေ ဘာတွေလည်း မလုပ်ပါဘူး၊ သူ့အလုပ်သူလုပ်ပြီး အေးအေးဆေးဆေးနေတာ ဘာကြောင့် အဲလိုလူကို ရက်ရက်စက်စက် သတ်သွားရတာလဲ နားကိုမလည်နိုင်ဘူး” ဟု အသတ်ခံရသူနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ 

ယမန်နေ့ ဒီဇင်ဘာ ၅ ရက်တွင် မြစ်သာမြစ် အရှေ့ဖက်ခြမ်း တောင်ဖာဒေသရှိ တောင်ယာပဲခင်းတွင် လုပ်ကိုင်နေသည့် အသက် (၅၅) နှစ်အရွယ် ငွန်နေထန်းအား စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားကာ အိုးမြေထူးကျေးရွာတွင် အကြောင်းမဲ့ အိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြစ်သာမြစ်ဘေးရှိ အိုးမြေထူးရွာသည် အိမ်ကြီးအိမ်ကောင်း မရှိသော တံငါရွာသေးဖြစ်ပြီး မြေပဲ၊ နှမ်း စိုက်ပျိုးသည့် တောင်သူများလည်း နေထိုင်ကြကြောင်း ၎င်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း ကြားသိရသော်လည်း ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းကဆက်ပြောသည်။ 

ယနေ့ ညနေပိုင်းတွင် အသတ်ခံခဲ့ရသည့် ငွန်နေထန်း၏ ရုပ်အလောင်းအား CNDF ကလေးတပ်မဟာ (Vakok) တပ်ရင်းမှ သွားရောက် သယ်ဆောင်ပြီး ခရစ်ယာန်ဘာသာ ထုံးတမ်းအစဉ်အလာအရ သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required