အမှုစစ်တရားသူကြီးတွေ ဦးညွှတ်တောင်းပန်ရတဲ့ တရားခွင်က အပြုံးပိုင်ရှင် (သို့) ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်

အမှုစစ်တရားသူကြီးတွေ ဦးညွှတ်တောင်းပန်ရတဲ့ တရားခွင်က အပြုံးပိုင်ရှင် (သို့) ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်

ဒီဇင်ဘာ ၆

တရားသူကြီးက စွပ်စွဲခံထားရသူတွေကို တရားခွင်မစခင်မှာ တောင်းပန်ပြီးမှ တရားခွင်စတင်တာကို တွေ့မြင်ဖူးသူရှားပါလိမ့်မယ်။  

ဒါပေမယ့် ဘားအံမြို့ အကျဉ်းထောင်ထဲကတရားရုံးရဲ့တရားခွင်မှာတော့ တရားခွင်ရုံးချိန်း ၁၅ ကြိမ်လုံးမှာ တရားသူကြီးအမျိုးသမီးနှစ်ဦးက အခန်းထဲဝင်ရောက်လာပြီးရင် တရားခံနေရာမှာထိုင်နေသူနှစ်ဦးကို ဦးညွှတ်တောင်းပန်ပါတယ်။ ပြီးတော့မှ တရားသူကြီးထိုင်ခုံကိုထိုင်ပါတယ်။

တောင်းပန်ခံရသူတွေကတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် အသက် ၆၇ နှစ်အရွယ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ပြည်နယ်ရဲ့ အသက် ၆၅ နှစ်အရွယ် ကရင်ပြည်နယ် စီမံ/ဘဏ္ဍာနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်တို့ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ နိုင်ငံရေး ခံယူချက် မြင့်မားသူ၊ စကားပြောပြတ်သူ၊ နိုင်ငံရေးနဲ့ပတ်သက်ရင် တိကျပြတ်သားသူဆိုပြီး နိုင်ငံရေး အသိုင်းအဝန်းမှာ နာမည်ကြီးတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ရွယ်နုပျိုမှုတွေကိုလည်း နိုင်ငံရေးပေါ်မှာပဲ ပေးဆပ် ကုန်ဆုံးစေခဲ့သူပါ။

၁၉၇၅ ခုနှစ် သူ့အသက် ၂၁  နှစ် အရွယ်ကတည်းက ရန်ကုန်စီးပွားရေး တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦးအနေနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့လို့ အဲဒီအချိန်ကအာဏာသိမ်းယူထားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ အကျဉ်းထောင်က  ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ (၅၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ ကရင်ပြည်နယ်ကနေ ရန်ကုန်ကိုအလာမှာ စစ်တပ်ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကို ထပ်မံ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ဖမ်းဆီးစစ်ဆေးစဥ်မှာ ဒေါ်နန်းခင်ထွေးမြင့်ရဲ့ လက်ကိုင်အိတ်ထဲက ပစ္စည်းအချို့ ပျောက်ခဲ့လို့  စစ်တပ်အရာရှိတွေကို ပြန်လည်မေးမြန်း ခဲ့တာကြောင့်  စစ်တပ်က မြေပေါ်ကို တွန်းလှဲပြီး ဝတ္တရား နှောက်ယှက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ ခုခံချေပခွင့်မရှိ၊ ရှေ့နေငှားရမ်းခွင့် မပြုဘဲ သထုံတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့ ထောင်ဒဏ် နှစ်နှစ် ထပ်မံကျခံ ရပြန်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကို ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး ၇၄ ရာခိုင်နှုန်း မဲအသာနဲ့ အနိုင်ရရှိ ခဲ့ပေမယ့် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဒုတိယအကြိမ် အာဏာသိမ်းထားပြန်တဲ့ စစ်တပ်ကအာဏာလွှဲပေးဖို့ ငြင်းဆန်တော့ ရွေးကောက်ပွဲရလာဒ်ဟာ ရေစုံမျောသွားခဲ့ရပါတယ်။

ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေမှာ စစ်တပ်နဲ့ ရွေးကောက်ခံအရပ်သားတို့ အာဏာပူးတွဲအုပ်ချုပ်စနစ်ပြောင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD ဟာ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖြစ်လာခဲ့သလို ဒေါ်နန်းခင်ထွေးမြင့်လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

သူဟာ NLD ရဲ့ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (CEC) အဖြစ် ၂၀၁၃ ခုနှစ်ကတည်းကရောက်ခဲ့သူလည်းဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပါတီမှာ ဥက္ကဌဖြစ်လာပြီးနောက်ပိုင်းကာလတွေလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ယုံကြည်ကိုးစားမှုကို အင်မတန်ရတဲ့ ပါတီရဲ့တတိယမျိုးဆက်ခေါင်းဆောင်တွေထဲကတစ်ယောက်လို့ လေ့လာအကဲခတ်သူတွေကသတ်မှတ်ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

ကောင်းသတင်းဂုဏ်သိက္ခာတွေနဲ့ ထည်ဝါတဲ့ အမျိုးသမီးကြီးကို အမိန့်ချဖို့ တရားရေး ဝန်ထမ်းတွေဟာ စိုးရိမ်နေဟန် ပေါက်တယ်လို့ ဝန်ကြီးချုပ်ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ဆိုပါတယ်။

ဒါပေမယ့် တရားသူကြီးတွေဟာ စစ်ကောင်စီရဲ့ အမိန့်အတိုင်း နှစ်ရှည် ထောင်ဒဏ်ကိုသာ ချမှတ် ခဲ့ပါတယ်။  စုစုပေါင်း အမှု ခြောက်မှုတပ်ခံရတဲ့ ဝန်ကြီးချုပ်ဟာ စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ်ကျခံရပါတယ်။ အစိုးရကိုအကြည်ညိုပျက်စေမှု ၅၀၅ (ခ)နဲ့ မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရပြီး စက်တင်ဘာ မှာတော့ အဂတိလိုက်စားမှုငါးမှုနဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ တစ်မှုကို ၁၅ နှစ်နဲ့ ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံရပါတယ်။

အလားတူပဲ ဝန်ကြီးဦးသန်းနိုင်ဟာလည်း အစောပိုင်းကချခံရတဲ့ထောင်ဒဏ် နှစ်နှစ်နဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ အဂတိခြောက်မှုအတွက် တစ်မှု ၁၅ နှစ်နဲ့ နှစ် ၉၀ ထပ်ချခံရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အစိုးရလက်ထက်တရားရုံးတွေရဲ့ နိုင်ငံရေးကြောင့်ဖြစ်တဲ့အမှုတွေအပေါ် စီရင်ဆုံးဖြတ်မှုတွေဟာ စစ်အစိုးရအလိုကျပါပဲလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဝန်ကြီးချုပ်အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေဦးဇော်မင်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးဟာ ပျက်စီးသွားပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။

" တရားသူကြီးတွေဟာ အဲဒီလို အရိုအသေပြု တောင်းပန်ခဲ့ပေမယ့် ဝန်ကြီးချုပ်အမှုကို စစ်နေတဲ့ အချိန် ဘားအံတရားရုံးက စာရေးကအစ တရားသူကြီးအဆုံး အစိုးရဝန်ထမ်း ဘယ်တစ်ယောက်မှ CDM မလုပ်ခဲ့ဘူး။ သူတို့ဟာ အထက်အမိန့်အရပဲ အမိန့်ချခဲ့တာ "လို့ ဦးဇော်မင်းလှိုင်က ဆိုပါတယ်။

CDM ဆိုတာကတော့ မတရားတဲ့အမိန့်အာဏာကို ပူးပေါင်းဆောင်ရွက်ခြင်းမပြု၊ ဖီဆန်ခြင်းဖြင့် တရားမျှတမှုတွေထွန်းကားလာနိုင်တဲ့ဆိုတဲ့အယူအဆပေါ်အခြေခံတဲ့ အကြမ်းမဖက်အနုနည်းဖြင့် အာဏာဖီဆန်တာကိုပြောတာပါ။

ဒေါ်နန်းခင်ထွေးမြင့်ကတော့ "ကျွန်မရဲ့ စကားတစ်ခွန်းကြောင့် နောက်ထပ်လူတွေ ဘယ်သူ့မှ မထိခိုက်စေချင်ဘူး။ သူတို့လုပ်ချင်တာ ကျွန်မတို့ကိုဆိုရင် နှစ် ၁၀၀ မကလို့ နှစ်ရာချီ ချလိုက်လည်း ကျေနပ်တယ်" ဆိုပြီး သူမကို နှစ်ရှည်ထောင်ဒဏ်  ချမှတ်မယ့် တရားသူကြီးတွေနဲ့  တရားလိုတွေကိုပါ  ကာကွယ် ပေးသွားခဲ့ပါသေးတယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၊ အဂတိလိုက်စားမှုတွေနဲ့ စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ကတော့ အဲဒီအပေါ် တရားရုံး အယူခံ ဆက်တက်ခြင်း မရှိခဲ့ပါဘူး။

အခုလို အကျဉ်းကျ နေ့ရက်တွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖို့ကိုလည်း ဝန်ကြီးချုပ်က သူကိုယ်တိုင် ရွေးချယ် ခဲ့တာလို့ ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင် စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့ သတင်းကို ဇန်နဝါရီလ ၂၈ ရက် နေ့မှာ ဒေါ်နန်းခင်ထွေးမြင့် ကြိုသိခဲ့ပါတယ်။

"ပြည်နယ်မှာ အန်တီနန်း (ဝန်ကြီးချုပ်)ကို စစ်တပ်ရော၊ ရဲဘက်ကရော လေးစားကြတယ်။ အဲတော့ ဘယ်နေ့ လာဖမ်းမယ်ဆိုတာကအစ အကုန် ကြိုသိတယ်ဗျ"လို့ ဝန်ကြီးချုပ်နဲ့ အနီးကပ်နေခဲ့သူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းမယ့် သတင်း ကြားရချင်းမှာပဲ ဒေါ်နန်းခင်ထွေးမြင့်က ဝန်ကြီးတွေ အပါအဝင် လူငယ် တာဝန်ခံ တချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။

"ကျန်တဲ့သူတွေ အကုန်ရှောင်ကြ။ ငါ့သမိုင်း အရိုင်းမခံနိုင်ဘူး။ စစ်တပ်က သိမ်းရဲရင် သိမ်းပါစေ။ ငါတော့ အဖမ်းခံရဲတယ်လို့ ပြောပြီး အဲ့မှာပဲ နေတာ"လို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စီမံ/ဘဏ္ဍာနဲ့စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့လည်း လုံးဝ မရှောင်တိမ်းဘဲ အစိုးရ အိမ်ယာမှာပဲ နေထိုင် ခဲ့ကြတာပါ။ ဝန်ကြီး နှစ်ယောက်စလုံးဟာလည်း သူတို့ရဲ့ခေါင်းဆောင် ဝန်ကြီးချုပ် အဖမ်းခံရင် အဖမ်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ကလည်း သုံးယောက်စလုံးကို အမှန်တကယ် တပြိုင်တည်း ဖမ်းဆီးခဲ့တာပါ။

သူ့ကို ဖမ်းဆီးဖို့ လာခဲ့တဲ့ စစ်တပ်က (၂၀၂) တပ်မမှူး ကိုလည်း " အခုလာတဲ့ တပ်မမှူးနဲ့ ကျွန်မ လူထုရှေ့မှာ မတ်တပ်ရပ်ပြီးတော့ ဆန္ဒမဲ အရွေးခံရဲတယ်။ အချိန်မရွေးပဲ"လို့  အထိန်းသိမ်း ခံနေရစဥ်မှာပဲ ဝန်ကြီးချုပ်က စိန်ခေါ်ခဲ့ပါသေးတယ်။

ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ကို ဘားအံမြို့ကမ်းနားလမ်း သာယာလှပရေးနဲ့ အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကသို့ မြေငှားရမ်းခဲ့မှု၊ ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ခံထားတဲ့ ရန်ပုံငွေများကို  လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ သီးခြားငွေ စာရင်း ဖွင့်ထားမှုနဲ့ ပြင်ပသို့ ထုတ်ချေးမှု၊ အဆင့်မြင့် ဈေးဝယ်စင်တာ စီမံကိန်း တင်ဒါအောင်မြင်ကုမ္ပဏီနဲ့ လုပ်ငန်းစာချုပ် မချုပ်သေးဘဲ ငွေကြိုတင် လက်ခံရယူမှု စတဲ့ ဖြစ်ရပ်တွေမှာ  ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်တယ်ဆိုပြီး  အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ စွပ်စွဲ အမှုဖွင့် ခဲ့တာဖြစ်ပါတယ်။

အဲဒါအပြင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်  ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှု ဆေးကုသရာမှာ ဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ရယူ သုံးစွဲခဲ့ကြောင်းနဲ့ ဦးသန်းနိုင်ကိုလည်း ထိုင်းနိုင်ငံမှာ ဆေးကုစဉ်နဲ့ မဲဆွယ်လုပ်ငန်းတွေမှာ  လုပ်ငန်းရှင်တွေထံက ငွေလက်ခံ ရယူခဲ့တယ် လို့ စစ်ကောင်စီက စွပ်စွဲခဲ့ပါတယ်။

"ကိုယ်ပိုင်ကား တစ်စီးတောင် မရှိတဲ့ ဝန်ကြီးချုပ်ကို အဂတိ လိုက်စားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"လို့ ဒေသခံတစ်ဦးက မေးခွန်း ထုတ်ပါတယ်။

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ အဂတိ လိုက်စားတယ်ဆိုတာ မဖြစ်နိုင်ကြောင်းကို  ဝန်ကြီးချုပ်နဲ့ အနီးကပ် နေထိုင်ခဲ့သူကလည်း ငြင်းဆိုထားပါတယ်။

"ဝန်ကြီးချုပ်ရဲ့ အမျိုးတွေက အရင်က ဆောက်လုပ်ရေးလုပ်တာ။ သူလည်း ဝန်ကြီးချုပ်ဖြစ်ရော အစိုးရ ကန်ထရိုက်တစ်ခုမှ သူတို့ မရကြတော့ဘူး။ ဘယ်တော့မှ သူ့အမျိုးတွေကို ကန်ထရိုက် မပေးဘူး "လို့ သူက ဆိုပါတယ်။

စစ်တပ်က ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်းတဲ့နေ့မှာပဲ လာရောက် ဖမ်းဆီး ခဲ့ပြီးနောက် ( ၂၀၂ ) တပ်ရင်း ဧည့်ရိပ်သာမှာ ချုပ်နှောင်ခဲ့ပါတယ်။ နောက်နေ့မှာတော့ (၂၀၂) တပ်ကနေ အစိုးရဝန်ထမ်း အိမ်ယာကို ပြန်လည်ပြောင်းရွှေ့ပြီး စစ်တပ်က နေအိမ် အကျယ်ချုပ်ချခဲ့ပါတယ်။

" ဒီတစ်ခါ နောက်ဆုံးအနေနဲ့တော့ ကျွန်မတို့ ကြိုးစားရအုံးမယ်နဲ့ တူတယ်။ ရွေးကောက်ပွဲ တုန်းကလည်း ပြည်သူက ကျွန်မတို့ကို ယုံယုံကြည်ကြည် ထောက်ခံအားပေးခဲ့တာ။ အခုလည်း ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ ဝိုင်းဝန်း မေတ္တာရပ်ခံပေးကြအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်"လို့ နေအိမ်အကျယ်ချုပ်တွင်းမှာ RFA သတင်းဌာနနဲ့ အင်တာဗျူးက တစ်ဆင့် ပြည်သူတွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောဆို ခဲ့ပါသေးတယ်။

ဒါ့အပြင် မိစ္ဆာမောင်းထုတ်တဲ့သင်္ကေတသံပုန်းတီးကြဖို့နဲ့ ပြည်သူ့စစ်သားများ ပြည်သူ့ဘက်က ပူးပေါင်းဖို့ ပြည်သူကို ဗီဒီယိုကနေတဆင့် သတင်းစကားပါးပါသေးတယ်။  

" ပြည်သူတွေကိုကာကွယ်ပေးကြပါ။ ကျွန်မတို့ ပြည်သူဘက်ကရပ်တည်ပြီး ကျွန်မတို့ရဲ့သမိုင်းမှာ နောင်အနာဂတ်ကလေးတွေအတွက်ဝန်းရံပေးကြပါလို့" အဲဒီဗီဒီယိုထဲမှာ စစ်သားတွေကိုတိုက်တွန်းခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စစ်တပ်က ပြန်ဖမ်းပြီး အမှုတပ်တာတွေဖြစ်လာပါတော့တယ်။

အာဏာသိမ်းတာရက်ကနေ လတွေကူးပြောင်းကုန်လွန်ခဲ့ပါပြီ။ ဒေါ်နန်းခင်ထွေးမြင့်ကတော့ သူလုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ပဲဆက်လုပ်သွားခဲ့ပါတယ်။

ထောင်ဒဏ်နှစ်ရှည်ချလိုက်လို့ ကြောက်ရွံ့တွန်ဆုတ်သွားချင်ပေမယ့် ဝန်ကြီးချုပ်နဲ့  စည်ပင်ဝန်ကြီးကတော့ အပြုံးမပျက်ဘဲ တရားခွင်က ထွက်ခဲ့တယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က ဆိုပါတယ်။

" အယူခံ ဆက်တက်လည်း တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သူတို့ အကြွင်းမဲ့ ယုံကြည် ထားကြတယ်။ သူတို့ တရားခွင်ကနေ ပြုံးပြုံးလေး လှည့်ထွက် လာကြတာ"လို့ သူက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required