လူစုံ မလေ့ကျင့်ထားနိုင်တာက ပြိုင်ပွဲကျမှ ဒုက္ခရောက်နိုင်တယ်

လူစုံ မလေ့ကျင့်ထားနိုင်တာက ပြိုင်ပွဲကျမှ ဒုက္ခရောက်နိုင်တယ်

ရတနာပုံကွင်းလယ်ကစားသမား ရဲကိုဦးနှင့်တွေ့ဆုံခြင်း

ရတနာပုံအသင်းဟာ ၂၀၁၆ ဘောလုံးရာသီအတွက် ပြင်ဆင်လေ့ကျင့်ရာမှာ အခြားအသင်းတွေထက် နောက်ကျမှုတွေရှိနေလို့ ပရိသတ်တွေကဝေဖန်နေကြ ပါတယ်။ နိုင်ငံခြားသားကစားသမားတွေ အသင်းကို အချိန်မီလာရောက်မပူးပေါင်းတာ၊ နည်းပြက ပြိုင်ပွဲအလိုတစ်ပတ်လောက်အလိုမှ ပြန်ရောက်လာတွေကြောင့် ပရိသတ်တွေက ဝေဖန်နေတာပါ။ ဒါကြောင့် ရတနာပုံအသင်းအခြေအနေကို သိနိုင်ဖို့အတွက် ကွင်းလယ်ကစားသမား ရဲကိုဦးကို Hyper Sports ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - လက်ရှိအသင်းပြင်ဆင်မှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ - အသင်းမှာ မြန်မာကစားသမားတွေကတော့အားလုံးလေ့ကျင့်နေတာအဆင်ပြေပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေမရောက်လာသေးတော့ လေ့ကျင့်မှုလုပ်တဲ့နေရာမှာ နဲနဲတော့လျော့တာပေါ့။ အများကြီးတော့ လုပ်ရဦးမှာပေါ့။

မေး - ပြင်ဆင်မှုနောက်ကျတာကြောင့် အခက်အခဲတွေရော ကြုံရတာမျိုးရှိလား။

ဖြေ - အခက်အခဲကြုံနိုင်တာပေါ့။ ထရိန်နင်ကတော့ မနောက်ကျပါဘူး။ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ဘာတွေလုပ်နေရတာက နည်းပြကြီးချပေးထားတဲ့ပုံစံအတိုင်းလုပ်နေတာပဲ။ ဒါပေမယ့် ခြေစမ်းပွဲကစားဖို့အချိန်မရှိတော့တာက အခက်အခဲဖြစ်နိုင်တယ်။ ခြေစမ်းပွဲများများကစားမှကစားသမားတွေ ခြေကသိရမှာလေ။

မေး - နိုင်ငံခြားသားကစားသမားတွေအသင်းကို အချိန်မီမရောက်လာနိုင်တာက ဘာဖြစ်နိုင်သလဲ။

ဖြေ - သူများအသင်းတွေမှာ နိုင်ငံခြားသားတွေအကုန်ရောက်နေပြီ။ ကျွန်တော်တို့အသင်းမှာမရောက်သေးဘူး။ ဒီတော့ပူးပေါင်းလေ့ကျင့်ချိန်အားနည်းတယ်။ ဒီအတွက် ပြိုင်ပွဲကျရင် ဒုက္ခရောက်နိုင်ပါတယ်။

မေး - လာမယ့်ရာသီအတွက် ရည်မှန်းချက်ကရောဘာဖြစ်မလဲ။

ဖြေ - ကျွန်တော်တို့အသင်းပိုင်ရှင်ကိုယ်တိုင်က ချန်ပီယံဖြစ်ဖို့ရည်မှန်းထားတော့ ကျွန်တော်တို့အားလုံးလဲ ချန်ပီယံရည်မှန်းချက်ပဲရှိပါတယ်။

မေး - လက်ရွေးစင်မှာကစားရတာနဲ့ကလပ်မှာကစားရတာဘာကွာခြားလဲ။

ဖြေ - ကွာခြားပါတယ်။ လက်ရွေးစင်မှာက နိုင်ငံအတွက်ပေးဆပ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားရသလို ပြည်သူအားလုံးအားပေးနေတာဆိုတော့ ဖိအားရှိပါတယ်။

မေး - ရတနာပုံပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ - ရတနာပုံအသင်းကိုအားပေးကြပါ။ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ ကစားသမားတွေအားလုံးကလည်း ပရိသတ်နဲ့ ရတနာပုံအသင်းကို ချစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly