ဆန္ဒပြလူငယ်များအား လူမဆန်စွာ သတ်ဖြတ်မှုကိုပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ကြေညာ

ဆန္ဒပြလူငယ်များအား လူမဆန်စွာ သတ်ဖြတ်မှုကိုပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ကြေညာ

ဒီဇင်ဘာ ၅

ရန်ကုန်ဆန္ဒပြ လူငယ်များအား အကြမ်းဖက်စစ်ကောင်စီတပ်က လူမဆန်စွာ ကားဖြင့်တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများ ကျူးလွန်ခဲ့ရာ အမိန့်ပေးညွှန်ကြားခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဖြစ်ပြီး တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် တတိယအကြိမ်မြောက် ပြည်သူလူထု ကိုယ်စားပြု "ရန်ကုန်လူထုသပိတ်" စစ်ကြောင်း ချီတက်ဆန္ဒပြစဉ် စစ်ကောင်စီတပ်ဖွဲ့များက အနောက်မှကားဖြင့် ဝင်တိုက်ကာ သပိတ်ကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်း‌ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ယနေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်လာသော လူငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်များက လူမဆန်စွာ ကားဖြင့်တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း တို့ကြောင့် ဆန္ဒပြလူငယ်တချို့ ကျဆုံးခဲ့ရကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကိုလည်း ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးစခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိခဲ့ရသဖြင့် ပြည်သူလူထုနှင့်ထပ်တူ စိတ်နှလုံးထိခိုက် နာကျင်ခံစားရကြောင်း" ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ လက်ချက်ကြောင့် ၂ လကျော်အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly