(ဂူဂျီဘာ)။ ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ယိုဘီပြည်နယ် ဂူဂျီဘာမြို့တွင် အသက် ၁၂ နှစ်အရွယ်ရှိသည့် မိန်းကလေးက ဒေသစံတော်ချိန် ဇွန် ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် အသေခံဗုံးခွဲရာ လူ ၁၀ ဦးထက်မနည်း
သေဆုံးခဲ့သည်။
မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါ အသေခံဗုံးခွဲမှုတွင် ထိခိုက်ဒဏ်ရာရသူ ၂၀ ရှိခဲ့သည်။
အဆိုပါမြို့အား နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ယခုနှစ်အစောပိုင်းက ပြန်လည် သိမ်းယူရခဲ့ခြင်း ဖြစ်သည်။
ယခု ဗုံးခွဲမှုနှင့် ပတ်သက်ပြီး အစ္စလာမ်အစွန်းရောက် ဘိုကိုဟာရမ်တို့က ထင်မြင်ချက်မပေးသေးပေ။ ထိုကဲ့သို့သော ဗုံးခွဲမှုများကို ဘိုကိုဟာရမ်တို့က ကျုးလွန်တတ်သည်။
"အသက် ၁၂ နှစ်သာသာ ရှိတဲ့ မိန်းကလေးက အသေခံဗုံးခွဲသွားတာပါ။ သူက ဈေးထဲကို ဝင်လာတယ်။ နောက်တော့
ဈေးရောင်း၊ ဈေးဝယ်တွေ ကြားထဲမှာ ဗုံးကို အသေခံဖောက်ခွဲပစ်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု မျက်မြင်ကြုံခဲ့သူ ဟူဆန်နီက
ပြောသည်။
ဇန်နဝါရီလအတွင်းကလည်း မက်ဒူဂူရီမြို့တွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းဗုံးခွဲမှုတွင် အနည်းဆုံး လူ ၁၉ ဦးအထိ သေဆုံးခဲ့သည်။
REF : BBC