စစ်ကောင်စီတင်ဒါလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် CDF-တွန်းဇံအဖွဲ့က ကုမ္ပဏီများကို ပြင်းထန်စွာသတိပေး

စစ်ကောင်စီတင်ဒါလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် CDF-တွန်းဇံအဖွဲ့က ကုမ္ပဏီများကို ပြင်းထန်စွာသတိပေး

တွန်းဇံ ၊ ဒီဇင်ဘာ-၅

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီမှချထားပေးသည့်တင်ဒါလုပ်ငန်းဟူသမျှကို လုံး၀လုပ်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မလိုက်နာသောကုမ္ပဏီများအား စစ်ကောင်စီထောက်ခံသူအဖြစ်သတ်မှတ်ကာ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF-တွန်းဇံအဖွဲ့မှ ဒီဇင်ဘာ ၄ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

သတိပေးထုတ်ပြန်ချက်ထဲတွင် ''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေး NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလကမြို့နယ် အုပ်ချုပ်ရေးမှူးများ ရာထူးစွန့်လွှတ်ကြရန် နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရုံးတက်ခြင်းမပြုလုပ်ရန်အမိန့်ထုတ်ပြန်ပြီးဖြစ်သည်။ သို့သော် ချင်းပြည်နယ်တွင် ဌာနဆိုင်ရာအသီးသီးမှ သမ္မတ၏အမိန့်ကိုအာခံပြီး ရုံးတက်သည်သာမက တင်ဒါလုပ်ငန်းများ ဖွင့်လှစ် ရောင်းချနေကြောင်း သတင်းရရှိသည်''ဟုပါရှိသည်။

နိုဝင်ဘာ ၂၅ နေ့ရက်စွဲဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်းမင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီခွင့်ပြုထားသည့်တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းမပြုရန် နှင့်ဆောင်ရွက်ဆဲ လုပ်ငန်းများကိုရပ်နားဖို့ သတိပေးစာထုတ်ပြန်ထားရှိသည်။

ချင်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်ခေါ်ယူသည့် ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးနှစ်အတွက်တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းနီးပါးရှိနေပြီးပလက်ဝမြို့နယ်၊တီးတိန်၊တွန်းဇံနှင့်ဖလမ်းမြို့နယ်တို့မှအများဆုံးလျှောက်ထားကြသည်ဟုလည်းစုံစမ်းသိရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required