တရုတ်နှင့်မြောက်ကိုရီးယား ခြိမ်းခြောက်မှုများ ပိုဆိုးလာကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား

တရုတ်နှင့်မြောက်ကိုရီးယား ခြိမ်းခြောက်မှုများ ပိုဆိုးလာကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါသည် နိုဝင်ဘာ ၂၇ ရက်က ၎င်း၏ပထမဆုံး တပ်စစ်ဆေးခြင်းအခမ်းအနား၌ ရန်သူ့အခြေစိုက်စခန်းတိုက်ခိုက်မှုစွမ်းရည်ရရှိရေး အပါအဝင် ရွေးပိုင်ခွင့်များအားလုံးကိုထည့်သွင်းစဉ်းစားရန် ထပ်လောင်းကတိပြုခဲ့ပြီး တရုတ်နှင့်မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် နိုင်ငံကို ကာကွယ်ရန် ပိုမိုအားကောင်းသော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ဖန်တီးသွားမည်ဟု သန္နိဋ္ဌာန်ပြုခဲ့သည်။

မြောက်ကိုရီးယားက ၎င်း၏စွမ်းရည်ကို မြှင့်တင်နေချိန်တွင် ပဲ့ထိန်းဒုံးကျည်များကို ဆက်လက် စမ်းသပ်နေသလို တရုတ်ကလည်း ဒေသတွင်းတွင် စစ်ရေးတည်ဆောက်မှုနှင့် ရန်လိုသော လှုပ်ရှားမှုလုပ်ဆောင်နေသဖြင့် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ လုံခြုံရေးအခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီး "လက်တွေ့အခြေအနေမှာ ယခင်ကထက် ပိုမိုပြင်းထန်သည်" ဟု ကီရှီဒါက ပြောကြားခဲ့သည်။

အောက်တိုဘာလတွင် ဝန်ကြီးချုပ်ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့သော ကီရှီဒါသည် ထိပ်တန်းတပ်မှူးအဖြစ် နိုဝင်ဘာ ၂၇ ရက်က တိုကျိုမြို့မြောက်ဘက်ရှိ ပင်မစစ်တပ်အခြေစိုက်စခန်း အာဆာကာတွင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ကို ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ တပ်ဖွဲ့ဝင် ၈၀၀ ခန့် ပါဝင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကီရှီဒါသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအပါအဝင် ၎င်း၏ အစိုးရ အဖွဲ့အတွင်း သြဇာတိက္ကမ ကြီးမားသော ခေါင်းဆောင်များကျေနပ်စေရန်နှင့် ၎င်း၏ အာဏာကို မြဲမြံစေရန် ငြိမ်းချမ်းရေးဘက်တော်သားအဖြစ်မှ ရန်လိုသူတစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့ကာ ယခုအခါ ဂျပန်စစ်တပ်၏ စွမ်းဆောင်ရည်နှင့်အသုံးစရိတ်များ တိုးမြှင့်ရေးကို ထောက်ခံအားပေးနေသည်။

တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ်မှာ ကီရှီဒါ၏အစိုးရအဖွဲ့သည် ဒုံးကျည်များ၊ ရေငုပ်သင်္ဘောဖျက်ဒုံးပျံများနှင့် အခြားလက်နက်များ ဝယ်ယူမှု သွက်လက်မြန်ဆန်စေရန် မတ်လမတိုင်ခင် ထပ်ဆောင်း ကာကွယ်ရေးအသုံးစရိတ်အတွက် ယန်း ၇၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ) တောင်းခံရန် နိုဝင်ဘာ ၂၆ ရက်က အတည်ပြုခဲ့သည်။

တပ်ဖွဲ့ဝင် ၄၀၀၀၊ ယာဉ်အစီးရေ၂၀၀ ကျော်နှင့် စစ်လေယာဉ် ဒါဇင်များစွာ ပါဝင်သည့် ပြီးခဲ့သော တပ်စစ်ဆေးမှုအခမ်းအနားများနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာ ၂၇ ရက်နေ့အခမ်းအနားသည် ပုံမှန် တပ်ဖွဲ့လှုပ်ရှားမှုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သိသိသာသာ လျှော့ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

စစ်ကြောင်းချီတက်ခြင်း သို့မဟုတ် အများပြည်သူကြည့်ရှုခြင်းများ မပါဝင်ခဲ့သော အွန်လိုင်းမှ တပ်စစ်ဆေးသည့် အခမ်းအနား၌ တင့်ကား ၉ စီးနှင့် အခြားယာဉ်များသာ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required