ယူကရိန်းကို ရုရှရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို ကာကွယ်သွားမယ်လို့ အမေရိကန်‌ ယတိပြတ်ပြော 

By AFP
04 December 2021
ယူကရိန်းကို ရုရှရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို ကာကွယ်သွားမယ်လို့ အမေရိကန်‌ ယတိပြတ်ပြော 

ဒီဇင်ဘာ ၄

ယူကရိန်းကို ဘယ်လို ကျူးကျော်မှုကိုမဆို ဆောင်ရွက်ခဲ့ရင် ရုရှအတွက် ‘အလွန့်အလွန် အခက်တွေ့’စေအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က သောကြာနေ့မှာ ပြောပါတယ်။ 

ရုရှဟာ လာမယ့်လအတွင်း အကြီးစားတိုက်ခိုက်မှု ဆင်နွှဲလာဖို့ ပြင်ဆင်ထားဖွယ်ရှိတယ်ဆိုပြီး ယူကရိန်းက သတိပေးချက် ထုတ်ထားတာပါ။ 

ယူကရိန်း နယ်စပ်နားမှာ ရုရှက စစ်တပ် အမြောက်အမြား ချထားတယ်လို့ အမေရိကန်နဲ့ ယူကရိန်းက ပြောပြီး ကျူးကျော်ရေးအတွက် ရုရှ ပြင်ဆင်နေတယ်လို့ စွပ်စွဲထားပါတယ်။ 

မြင့်တက်နေတဲ့ တင်းမာမှုတွေအရေး ဆွေးနွေးဖို့အတွက် ဂျိူး ဘိုင်ဒင်နဲ့ ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့ မကြာခင်မှာ ဗီဒီယိုဆက်သွယ်မှုကနေ တွေ့ဆုံဖို့ရှိတယ်လို့ နှစ်ဖက်စလုံးက သောကြာနေ့မှာ အတည်ပြုထားပါတယ်။ 

ရုရှသမ္မတ ပူတင် ရှေ့ဆက်လုပ်ဆောင်မှာဖြစ်ပြီး လူတွေ စိုးရိမ်ပူပန်နေရတဲ့ ကိစ္စရပ်တွေမှာ ရှေ့ဆက်လို့ မရအောင် ‘အလွန့်အလွန် ခက်ခဲစေ’မယ့် လမ်းကြောင်းကို ခင်းသွားမှာဖြစ်တယ်လို့ ဝါရှင်တန်မှာ သတင်းထောက်တွေကို ဂျိူးဘိုင်ဒင်က ပြောပါတယ်။ 

ရုရှဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပြုလျက်ရှိနေပါတယ်။ ပဋိပက္ခအတွင်း လူပေါင်း ၁၃၀၀၀ ကျော်ထက်မနည်း သေဆုံးရပြီ ဖြစ်ပါတယ်။ 

“တင်းမာမှု မြင့်တက်လာမှာအတွက် အသင့်ပြင်ထားဖို့ ရှိနေသင့်တဲ့အချိန်က ဇန်နဝါရီလကု်နလောက် ဖြစ်ဖို့ များပါတယ်”လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလစ်ဆေး ရစ်ဇ်နက်ခ်ကော့ဗ်က ပါလီမန်မှာ သောကြာနေ့က ပြောပါတယ်။ 

ရုရှမှာ ‘ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှု ကာလ” စတင်နေပြီဖြစ်ပြီး ရုရှဟာ ယူကရိန်းပိုင်နက်နားမှာ စစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ယူကရိန်းနယ်စပ်မှာ ရုရှက တပ်အင်အား တစ်သိန်းနီးပါး တပ်ချထားတယ်လို့ သူက ပြောပေမယ့် ရုရှကတော့ စစ်ရေးတည်ဆောက်မှု မရှိဘူးလို့ ငြင်းဆန်ထားတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly