ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ်၊ ဖေဖော်ဝါရီမှာမင်းအချင်းချင်းတော့ ပဋိပက္ခဖြစ်နိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ်၊ ဖေဖော်ဝါရီမှာမင်းအချင်းချင်းတော့ ပဋိပက္ခဖြစ်နိုင်တယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁ရက်။     ။"ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မှာက လုံးဝမပြောင်းလဲတဲ့ဟောဟိန်းပဲ၊ တစ်ခုကတော့ ဖေဖော်ဝါရီလထဲမှာ မင်းအချင်းချင်း ပဋိပက္ခဖြစ်မယ့်အကြောင်းအရာလေး တစ်ခုရှိတယ်။"…..လို့ ဟောကိန်းထုတ်လိုက်တဲ့ ဆရာစံဇာဏီဘိုနဲ့  မြန်မာနိုင်ငံနှစ်သစ်ရဲ့နိုင်ငံရေး ၊စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအပြင် နိုင်ငံကိုဦးဆောင်မယ့် သမ္မတ၊ ခေါင်းဆောင်တွေအခြေအနေတွေအပေါ်ဗေဒင်ပညာရပ်ရှု့ထောက်ဖက်မှ အမြင်ကိုမဇ္ဈိမက  မေးမြန်းတင်ဆက် လိုက်ပါတယ်။

မဇ္ဈိမ။     ။၂၀၁၆ခုနှစ် မြန်မာနိုင်ငံရေး၊ စီးပွားရေးလူမှုရေးအလားအလားတွေကဘယ်လိုမျိုးရှိနိုင်လဲခင်ဗျ။

" မူလထက်၄၀ရာခိုင်နှုန်းနဲ့ ၆၀ရာခိုင်နှုန်းပိုမိုမြင့်မားလာအောင်ဆောင်ရွက်နိုင်ရုံမှတစ်ပါး စစ်မီးကတော့ အပြီးအပိုင်ငြိမ်းသတ်နိုင်ခြင်းမရှိသေးပါဘူး။"

စံဇာဏီဘို

မြန်မာနိုင်ငံရဲ့၂၀၁၆ခုနှစ်၊ နိုင်ငံရေး၊စီးပွားရေးနဲ့ လူမှုရေး နိုင်ငံဖွံ့ဖြိုးမှုအလားအလာနဲ့ စစ်ရေးအလားအလာလုံးစုံ မှာကောင်းတဲ့ဖက်ကိုဦးတည်နေတယ်။ လုပ်ငန်းပိုင်း၊ စီးပွားပိုင်းဆိုင်ရာလူသားအသီးသီးတို့ရဲ့ဝင်ငွေအနေ အထားနဲ့ သုံးငွေအနေအထားအားလုံးကလဲ မူလထက်မြင့်မားမယ့်အနေအထားထက်ရှိတယ်။

ငြိမ်းချမ်းရေး။     ။ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့နေရာမှာတော့ပုံမှန်အနေအထားနဲ့ တည်ရှိနေတယ်။ အလားအလာ ကတော့ မူလထက်၄၀ရာခိုင်နှုန်းနဲ့ ၆၀ရာခိုင်နှုန်းပိုမိုမြင့်မားလာအောင်ဆောင်ရွက်နိုင်ရုံမှတစ်ပါး စစ်မီးကတော့ အပြီးအပိုင်ငြိမ်းသတ်နိုင်ခြင်းမရှိသေးပါဘူး။

စီးပွားရေး။     ။စီးပွားရေးအလားအလာမှာတော့ လုပ်ငန်းပိုင်းဆိုင်ရာ၊ စီးပွားဖက်ဆိုင်ရာပြည်ပရင်းနှီးမြှပ်နံှမှုနဲ့ ထုတ်လုပ်မှု ဆိုင်ရာတွေမှာအခြေအနေကောင်းမယ် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အညံ့အဆိုးမရှိဘူး။ ကိုယ့်လုပ်ငန်း တစ်နိုင်တစ်ပိုင်နဲ့ ဖက်စပ်သဘာဝနဲ့လုပ်ငန်းတိုးတက်မှုအရှိန်အဝါမြှင့်မားလာပါမယ်။ နိုင်ငံတကာအဆင့်ကို ပြည်တွင်းထုတ်လုပ်မှုတွေနဲ့ ရပ်တည်လာနိုင်ပါလိမ့်မယ်။ သွင်းကုန်၊ ထုတ်ကုန်မှာလယ်ယာကဏ္ဍနဲ့ပက်သက် တာ၊ ကုန်သွယ်မှုဆိုင်ရာမှာ သားငါးကဏ္ဍကပုံမှန်အနေအထားပဲ၊ လယ်ယာကဏ္ဍကတော့ပိုအားကောင်းပြီး တိုးတက်မယ့်အခြေအနေရှိတယ်။

ကျန်းမာရေး။     ။ကျန်းမာရေးဆိုင်ရာမှာတော့ ပုံမှန်အနေအထားပဲရှိတယ်။ အကြီးစားဖွံ့ဖြိုးမှုတွေမရှိဘူး။ ပညာရေးကဏ္ဍဆိုင်ရာ မှလည်း ပုံမှန်အနေအထားထက်အနည်းငယ်သာမြင့်တဲ့အနေအထားပဲရှိပြီးတော့ တိုးတက်တဲ့အလားအလာဖြစ် ဖို့လွယ်ပေမယ့် အစိုးရရဲ့ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ဆောင်ချက်ကတော့ နှေးကွေး နေဦးမယ်။

အကျင့်ပျက်ချစားမှု။     ။အကျင့်စာရိတ္တပိုင်းဆိုင်ရာအကြောင်းအရာကတော့ တိုးတက်စရာအကြောင်းမရှိဘူး။ လာဘ်ပေးလာဘ်ယူ ကိစ္စက ပပျောက်စရာအကြောင်းမရှိပါဘူး။

စစ်ရေး။     ။စစ်ရေးပိုင်းဆိုင်ရာအနေအထားနဲ့ ပက်သက်ပြီးတော့အနေအထားကတော့ ပုံမှန်ထက်ပိုပြီး စစ်ရေးလှုပ်ရှားမှု လေးတွေတော့များမယ်။ ဒါပေမယ့်အရှိန်အဝါမြင့်မားပြီး ရှိရင်းစွဲလမ်းကြောင်းကနေစွဲချတာတို့ လုပ်ကိုင်နိုင်မှု လမ်းကြောင်း အထူးသဖြင့်နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့လှုပ်ရှားမှုတွေကို ပိတ်ပင်တဲ့ အဟန့်အတား အနှောင့် အယှက်တော့မရှိဘူး။

မဇ္ဈိ။     ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်တဲ့ ဟောကိန်းကောဘယ်လိုရှိသေးလဲခင်ဗျ။

စံဇာဏီဘို

"ဖေဖော်ဝါရီလ ၁၅ရက် (တနင်္လာနေ့)မှာ မင်းအချင်းအချင်း ပဋိပက္ခ၊ အငြင်းပွားစရာ ရှိနေတယ်ဆိုတဲ့ အကြောင်းအရာဖြစ်ပေါ်စရာအကြောင်းရှိတယ်။"

"ဖေဖော်ဝါရီလမှာတော့ နည်းနည်းနိုင်ငံရေးဆိုင်ရာ ပဋိပက္ခလေးတွေကို သတိထားရမယ်။ အဲဒီရက်တွေက ဖေဖော်ဝါရီ ၁၃၊ ၁၅။ နိုင်ငံရေးအပြောင်းအလဲက ဇန်နဝါရီ ၃၁ ဒါကတော့အဖြေပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ်ဆိုတဲ ဟောကိန်းကိုကျွန်တော်ဆက်ဟောပါတယ်။ တစ်ခြားသူတွေ ဘယ်လိုပြောပြောကျွန်တော်ဟောကိန်းကတစ်ခုပါပဲ။ ထပ်ပြီးတော့ပြင်စရာအကြောင်းလဲမရှိဘူး။ ပြောင်းလဲစရာ အကြောင်းလည်း မရှိပါဘူး။ နဂိုကတည်းက ကျွန်တော်ပြတ်ပြတ်သားသားပြောထားပြီးသားဖြစ်ပါတယ်။ အဲဒါကတော့ အထင်အရှားပါပဲ။

အခုရာဟုဂြိုဟ်က ကံရာသီကနေ သိမ်ရာသီဖက်ကိုရောက်နေတယ်အဲဒီကာလအတောအတွင်းမှ တည်ရှိနေတဲ့ ရာဟုဂြိုဟ်ရဲ့အပြောင်းအလဲက ဇန်နဝါရီ ၃၁ရက်၊ အဲဒီမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို ဇန်နဝါရီ ၃၁ ကနေစပြီး လူတွေထင်ရှားစွာမြင်နိုင်တဲ့ အနေအထားရှိမယ်။

တစ်ခုပဲရှိတယ် မြန်မာရိုးရာအယူအဆအရလာမယ့် ဖေဖော်ဝါရီလ ၁၅ရက် (တနင်္လာနေ့)မှာ မင်းအချင်းအချင်း ပဋိပက္ခ၊ အငြင်းပွားစရာ ရှိနေတယ်ဆိုတဲ့အကြောင်းအရာဖြစ်ပေါ်စရာအကြောင်းရှိတယ်။ အဲဒီနေ့က မြန်မာလို အယူအဆအရ တပို့တွဲလဆန်း ၇ရက်နေ့နဲ့ တနင်္လာနေ့နဲ့ တိုက်တာ၊ အဲဒါက အဂ္ဂသရဏီကျမ်းအလိုအရ မင်း အချင်းချင်း ပဋိပက္ခဖြစ်မယ်ဆိုတဲ့အယူအဆ တစ်ခုရှိတယ်။ အဲဒီတစ်ခုကတော့ကျွန်တော်တို့၊ စောင့်ကြည့် ရမယ်။ နည်းနည်းလေးသတိထားရမယ့်အချက်အနေနဲ့ တွေ့ရတယ်။ အဲဒါကတော့အဓိကကျတဲ့ အကြောင်း အရာတစ်ချက်ရှိတယ်။

နောက်တစ်ခုက ဖေဖော်ဝါရီ ၁၃ရက်မှ တနင်္ဂနွေဂြိုဟ်ရယ် သောကြာဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်ရယ် ပူးတာက နည်းနည်းစဉ်းစားစရာ အကြောင်းရှိတယ်။ မကာရ ရာသီမှအတူတကွတည်ရှိနေတာလေးတစ်ခုက တိုင်းပြည် ရဲ့တရားဥပဒေစိုးမိုးရေးပိုင်းနဲ့ပက်သက်တဲ့ဖက်မှာနည်းနည်းလေး အားပျော့တဲ့အနေအထားဖြစ်တယ်။ အဲဒါက လည်းအာဏာလွှဲပြောင်းခြင်းမတိုင်မီဖြစ်တဲ့အတွက် ပြဿနာမရှိဘူး။

မဇ္ဈိမ။     ။အဲဒီလိုအကြောင်းအရာတွေကြောင့် ၂၀၁၆မြန်မာနိုင်ငံရေးကကော ဘယ်လိုသက်ရောက်နိုင်သေးလဲ။

ဒါတွေအားလုံးက အာဏာလွှဲပြောင်းခြင်းမတိုင်ခင်ဖြစ်ရပ်ပါပဲ၊ အဲဒီအတွက်ကြောင့် အာဏာလွှဲပြောင်းမှုနဲ့ ပက်သက်တဲ့ အကြောင်းအရာမှာ မင်းအချင်းအချင်းမသင့်မမြတ်ဖြစ်မယ်ဆိုတဲ့ ဗေဒင်စကားအကြောင်း အရာရယ် တစ်၊ ခြောက်၊ လေး သုံးခု မကာရရာသီ၊ ဖေဖော်ဝါရီ ၁၃ရက်မှာပူးတာရယ်၊ အဲဒီတော့ကြောင့် ဖေဖော်ဝါရီလမှာတော့ နည်းနည်းနိုင်ငံရေးဆိုင်ရာ ပဋိပက္ခလေးတွေကို သတိထားရမယ်။ အဲဒီရက်တွေက ဖေဖော်ဝါရီ ၁၃၊ ၁၅။ နိုင်ငံရေးအပြောင်းအလဲက ဇန်နဝါရီ ၃၁ ဒါကတော့အဖြေပါပဲ။

မဇ္ဈိမ။     ။နိုင်ငံရဲ့သဘာဝဘေးအန္တရယ်ခံစားရနိုင်မှုကောဘယ်လိုများရှိလဲခင်ဗျ။

စံဇာဏီဘို

"မီးဘေး၊ နောက်ထပ် ငလျင်ဘေးရယ်၊ အပူဘေးရယ်၊ အပူကြောင့်ဖြစ်တဲ့ရာသီသဘာဝပြဿနာတွေ အဲဒီသုံးခုပဲ"

သဘာဝဘေးအန္တရယ်ကို ကျွန်တော်တို့နည်းနည်းသတိထားရမယ်၊ အခုလာမယ့်နှစ်ကအဓိကသတိထားရမှာက မီးဘေးပဲ၊ မီးဘေး၊ နောက်ထပ် ငလျင်ဘေးရယ်၊ အပူဘေးရယ်၊ အပူကြောင့်ဖြစ်တဲ့ရာသီသဘာဝပြဿနာတွေ အဲဒီသုံးခုပဲ မီးရယ်၊ ငလျင်ရယ်၊ အပူရယ်ပဲ။ ဧပြီ ၂၁ကစပြီး ရက် ၄၀၊ သြဂုတ် ၂၁ကစပြီး ရက် ၆၀အဲဒီကာလ နှစ်ခုအတွင်းမှာပါပဲ။

ဟုတ်ကဲ့ဆရာကျေးဇူးပါခင်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly