ဆက်ကြေးလုံးဝ မကောက်ရန် အပါအဝင် ပုလဲမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များ လိုက်နာရမည့် လမ်းညွှန်ချက် ထုတ်ပြန်

ဆက်ကြေးလုံးဝ မကောက်ရန် အပါအဝင် ပုလဲမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များ လိုက်နာရမည့် လမ်းညွှန်ချက် ထုတ်ပြန်

ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ လိုက်နာရမည့် လမ်းညွှန်ချက်များကို ပုလဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ လမ်းညွန်ချက်များတွင် ပြည်သူများ၏ လုံခြုံရေးအတွက် ပြစ်မှုပြဿနာ ပေါ်ပေါက်လာပါက ဒေသခံ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန်၊ စစ်ကောင်စီ သတင်းပေးဟု ယူဆရသူများကို ဒေသခံအဖွဲ့အစည်းများ၏ အကြံပြုချက်ရယူပြီးမှ စီရင်ဆုံးဖြတ်ရန်၊ ပုလဲမြို့နယ်အတွင်း သယံဇာတများ ပကဖ မသိဘဲ ထုတ်ယူခြင်း၊ စီမံခြင်းမလုပ်ရန်၊ မြို့နယ်အတွင်း သစ်၊ မူးယစ်ဆေးဝါး၊ စစ်ကောင်စီထုတ်ကုန်များ တွေ့ရှိပါက ဖမ်းဆီးပြီး ပကဖနှင့် ပူးပေါင်းဆုံးဖြတ်ရန်၊ ပြည်သူမှ ပြည်သူသို့ စီးဆင်းသော ကုန်ပစ္စည်း သယ်ဆောင်ယာဉ်များအား ဖမ်းဆီးခြင်း၊ ရံပုံငွေတောင်းခြင်းမလုပ်ရန်၊ ကာကွယ်ရေးရန်ပုံငွေ အလို့ငှာ ဆက်ကြေး လုံးဝ မကောက်ရန်၊ ဖမ်းမိသော စစ်သုံ့ပန်းများ ၎င်းတို့၏ ငွေ၊ လက်နက်များကို NUG က ချမှတ်ထားသည့် စစ်သုံ့ပန်း ထိန်းသိမ်းရေးမူအတိုင်း ဆောင်ရွက်နိုင်ရေး ပကဖကို ဆက်သွယ်ရန် အစရှိသည့် အချက် ကိုးချက်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ ပကဖ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး လမ်းညွှန်ချက်ကို လိုက်နာခြင်းမရှိပါက NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြကာ ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

ယခုအစည်းအဝေးသည် ပထမဆုံးအကြိမ် အစည်းအဝေး မဟုတ်သော်လည်း ယခုကဲ့သို့ တရားဝင်ထုတ်ပြန်သည်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၏ လမ်းညွှန်ချက်နှင့် ပတ်သက်၍ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက "ကောင်းပါတယ်၊ အဲ့လိုထုတ်တာ။ ဒေသတွင်းမှာ တခါတရံ မလိုအပ်တဲ့ ပြဿနာတွေရှိတယ်။ တော်လှန်ရေး အားနည်းချက်ပေါ့၊ ဒလန်ကိစ္စက စလို့ပေါ့၊ ဒီထက်ပိုတဲ့ စည်းကမ်းတွေလည်း ထုတ်သင့်ရင်ထုတ်ရမှာပေါ့။ ဒါမှ မဟုတ်လည်း ဒီစည်းကမ်းချက်တွေထဲက အချက်တွေကို ဘယ်အချက်ကိုတော့ တင်းရမယ် ဘယ်အချက်ကိုတော့ လျော့ရမယ်ဆိုပြီး နောက်တော့ စဉ်းစားရမှာပါ။ အခုလိုသတ်မှတ်လိုက်တဲ့အတွက် တစ်ချို့တွေအတွက် စိတ်ပိုလုံခြုံတာပေါ့" ဟု မှတ်ချက်ပြုသည်။

ပကဖ အဖွဲ့သည် NUG က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြို့နယ်အတွင်းရှိ ဒေသခံ ကာကွယ်ရေးတပ်များကို စီမံရသည့် အဖွဲ့ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ရန်ရှိကြောင်း၊ ပကဖတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခေါင်းဆောင်များလည်း ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly