တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် လွိုင်ကော်-ဘော်လခဲလမ်းကို မသုံးရန် KNDF ပိတ်

တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် လွိုင်ကော်-ဘော်လခဲလမ်းကို မသုံးရန် KNDF ပိတ်

ဒီဇင်ဘာ ၂

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် လွိုင်ကော်-ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို ဒီဇင်ဘာ ၃ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ပြောသည်။

ထို့အပြင် အဆိုပါလမ်းပိုင်းကို အသုံးပြု၍ ဒီးမော့ဆိုမှ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ တပ်ချိန်းပြောင်းများ၊ အင်အားဖြည့်တင်းခြင်းနှင့် ရိက္ခာပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လှုပ်ရှားမှုက အရင်ကလို မြို့ပေါ်ကနေ မဟုတ်ဘဲ တောလမ်းတွေ အသုံးပြုလာတယ်။ စစ်ကြောင်းလည်း သုံးလေးကြောင်း အဲလိုလှုပ်ရှားမှုရှိတဲ့ အခါကျတော့ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ တိုက်ပွဲဖြစ်မယ်ဆိုတာ မပြောနိုင်ပေမယ့် တိုက်ပွဲကြီးကြီးမားမား ဖြစ်နိုင်ခြေကရှိတယ်။ ပြည်သူတွေအတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ဒီလမ်းပိုင်းကို ပိတ်ရတဲ့ အကြောင်းအရင်းဖြစ်တယ်” ဟု KNDF တာဝန်ရှိသူကဆိုသည်။

အလားတူ ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာများသို့ ကင်းထောက်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို အသုံးပြုနေကြောင်း KNDF ကဆိုသည်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင်လည်း ရွာများကိုမီးရှို့ပြီး တက်လာကြောင်းနှင့် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး PDF တစ်ဖွဲ့ဖြစ်သည့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ဖြိုခွင်းရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

၎င်းကဆက်လက်၍ “စစ်ကောင်စီကတော့ ကြီးကြီးမားမားကို ထိုးစစ်ဆင်လာလိမ့်မယ်။ နောက်ဆုံး လေယာဉ်တွေ သုံးလာမယ့် အနေအထားမျိုးရှိတယ်။ လက်နက်ကြီးတွေကတော့ သူတို့ထင်ရင် ထင်သလို လျှောက်ပစ်နေတာပဲပေါ့” ဟုဆိုသည်။

ယင်းအခြေအနေများကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော လွိုင်ကော်-ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေး အတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု KNDF မှထုတ်ပြန်ထားသည်။

KNDF အနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်မဟုတ်ဘဲ အမြစ်ပြတ်သည်အထိ ချေမှုန်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသောကြောင့် ပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲများကို အားတင်းသီးခံပြီး စောင့်ဆိုင်းပေးရန်လည်း မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required