ကလေးမြို့ တောင်ပိုင်းကျေးရွာများကို စစ်တပ်ကမီးရှို့ ၊ အိမ်အလုံး ၄၀ မီးလောင်သွားဟု ဒေသခံရွာသားများပြော

ကလေးမြို့ တောင်ပိုင်းကျေးရွာများကို စစ်တပ်ကမီးရှို့ ၊ အိမ်အလုံး ၄၀ မီးလောင်သွားဟု ဒေသခံရွာသားများပြော

ဒီဇင်ဘာ ၁

ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း မီးရှို့နေပြီး နေအိမ် အလုံး ၄၀ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၁၅ လုံးခန့်၊ နိုဝင်ဘာလ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးခန့်နှင့် ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် လယ်ခြား ကျေးရွာရှိ နေအိမ် ၁၅ လုံးခန့်ကို မီးရှို့ ဖျက်ဆီးသွားခြင်း ဖြစ်သည်။

“ဒီမနက်မှာ ကျွန်တော်တို့ ရွာတောင်ပိုင်းကနေ မီးစရှို့တာကို ခံရတယ်။ ရွာသားတွေတော့ ခုအကုန် ထွက်ပြေးနေရတယ်။ မီးရှို့ခံရတဲ့အထဲမှာ ကျွန်တော့အိမ်လည်း ပါတယ်ဗျာ။ ကျွန်တော်က PDF လည်း မဟုတ်ပါဘူး။ ဒီနယ်ဘက်က စစ်ရှောင်တွေကို ကူညီနေတဲ့သူပါ။ ခုရွာကို လှမ်းမြင် နေရတယ်။ မီးခိုးတွေ အူနေတုန်းပဲ” ဟု လယ်ခြားရွာသား တစ်ဦးက ပြောသည်။

အင်အား ရာဂဏန်းရှိသည့် စစ်ကောင်စီတပ်က အဆိုပါ ရွာများကို ဝင်ရောက်မွှေနှောက်၊ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ယနေ့ နေ့လယ် ၁၂ နာရီတွင်မူ စစ်ကောင်စီ တပ်သားများက ကုက္ကိုလ် ကျေးရွာအတွင်း ဝင်ရောက် မီးရှို့နေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတွင် တပ်မ (၂၂) တံဆိပ် တပ်ဆင်ထားသည့် တပ်ဖ့ွဲများ ပါဝင်ကြောင်း ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (ကလေး) တပ်ရင်း (၃) မှ တပ်ခွဲစခန်း တစ်ခုကို နိုဝင်ဘာလလယ်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်ကာ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ကိုးဦးကို ဖမ်းဆီးသွားပြီးနောက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ထိတွေ့တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာသာရွာဘက်မှ ခြေလျင်တက်လာသော အင်အား ၂၅ ဦး ပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို မှန်တောရွာအကျော်၌ နိုဝင်ဘာလ ၂၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် PDF (Kalay) က အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများနှင့် ဆက်စပ်၍ စစ်ကောင်စီတပ်သည် မြစ်သာမြစ်နံဘေးရှိ ကျေးရွာများကို ရွာစဉ် မွှေနှောက် မီးရှို့ခြင်း၊ ကျေးရွာနေပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက် ပြုလုပ် နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရွာ၊ ကျွန်တော်တို့အိမ်ကို မီးရှို့တာကို ရင်နာနာနဲ့ အဝေးက လှမ်းကြည့်နေရတာ။ သူတို့ ပြန်သွားလို့ ရွာကို ပြန်ရရင်တောင် ကျွန်တော်တို့မှာ နေစရာ အိမ်မရှိတော့ဘူးဗျာ။ ဒီလောက် ယုတ်မာသူတွေကို ကျွန်တော်တို့ နာကြည်း မုန်းတီးပါတယ်” ဟု နေအိမ် မီးရှို့ခံရသည့် လယ်ခြား ရွာသား တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ ထိုသို့ ဝင်ရောက်မွှေနှောက် နေသည့်အတွက် ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း၊ အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ နွားရွာ စသည့် ကျေးရွာများမှ ပြည်သူဦးရေ စုစုပေါင်း တစ်သောင်းဝန်းကျင်ခန့် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required