မြန်မာဒုက္ခသည်များကို စာနာထောက်ထားစွာ ကူညီရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရကို ထပ်မံပန်ကြား

မြန်မာဒုက္ခသည်များကို စာနာထောက်ထားစွာ ကူညီရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရကို ထပ်မံပန်ကြား

ဒီဇင်ဘာ ၁

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိခိုလှုံနေကြသည့် မြန်မာဒုက္ခသည်များကို စာနာထောက်ထားပြီး အကူအညီပေးအပ်ရေးအတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ငါက နိုဝင်ဘာ ၃၀ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ပန်ကြားခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် မြန်မာဒုက္ခသည်များကို ဖြစ်နိုင်ဖွယ်ရာ အကူအညီများ ပေးအပ်ရေးအတွက် ပန်ကြားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖေါ်ဝါရီ-မတ်လတွင် စတင်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုများကြောင့် မြန်မာဘက်ကနေ အိန္ဒိယ မီဇိုရမ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၀,၀၀၀ နီးပါး ရှိပြီး ၎င်းတို့ထဲတွင် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးနှင့် လွှတ်တော်အမတ် ၂၀ ဦးတို့ ပါဝင်နေသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် ယင်းအချိန်မှစ၍ မီဇိုရမ်ပြည်နယ်ထဲတွင် ယာယီကမ့်များ သို့မဟုတ် ၎င်းတို့၏ ဆွေမျိုးများနှင့်အတူ နေထိုင်နေခဲ့ကြသည်။

၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဗဟိုအစိုးရဘက်က ညွှန်ကြားထားခဲ့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားခဲ့သည်။ မီဇိုရမ်တွင် ရောက်ရှိ ခိုလှုံနေသည့် ချင်းလူမျိုးများမှာ မီဇိုရမ်ပြည်နယ်ဘက်မှ မီဇိုလူမျိုးများနှင့် မျိုးနွယ်၊ ယဉ်ကျေးမှုချင်း တူညီမှု ရှိသည့်အတွက် ၎င်းတို့ကို စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း ဇိုရမ်သန်ငါက ပြောသည်။ မီဇိုရမ်အနေဖြင့် အနီးအနားတွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို မသိကျိုးကျွန် မပြုနိုင်ဟု ၎င်းက ပြောသည်။

မီဇိုရမ်ပြည်နယ် အစိုးရသည် ဒေသရှိ NGOs များ၊ ကျောင်းသားအဖွဲ့အစည်းများ၏ အကူအညီနှင့်အတူ မြန်မာဒုက္ခသည်များကို အစားအသောက်နှင့် ခိုလှုံစရာနေရာများ ပေးထားခဲ့သလို ပြည်နယ်၏ ပညာရေးဌာနကလည်း ဒုက္ခသည်များ၏ ကလေးငယ် ၅၀၀ နီးပါးကို အစိုးရကျောင်းများတွင် အပ်နှံသင်ကြားခွင့်ပေးထားခဲ့သည်။ ထို့ပြင် ပြည်နယ်အစိုးရသည် ၎င်းတို့အတွက် Covid-19 ကာကွယ်ဆေးထိုးမှု အစီအစဉ်တစ်ခုကိုလည်း လုပ်ဆောင်ထားခဲ့သည်။

ဇိုရမ်သန်ငါသည် အစောပိုင်းကလည်း မြန်မာနိုင်ငံသားများကို စောင့်ရှောက်နိုင်ရေးအတွက် ဗဟိုအစိုးရထံမှ ဘဏ္ဍာရေးအကူအညီတောင်းခံရန် ကြိုးပမ်းထားခဲ့သေးသော်လည်း အကူအညီမရရှိသေးဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly