နေတိုးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရုရှားလုံးခြံုရေးစာတမ်းတွင် ဖော်ပြ

နေတိုးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရုရှားလုံးခြံုရေးစာတမ်းတွင် ဖော်ပြ

မော်စကို၊ ဇန်နဝါရီ ၁ ။           ။ နေတိုး၏နေရာယူမှု တိုးချဲ့လာခြင်းက နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဖော်ပြထားသော နောက်ဆုံးထုတ်ပြန်သည့် အမျိုးသားလုံခြုံရေးစာတမ်းတစ်ခုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်သည်။

ရုရှား၏ လွတ်လပ်သော ပြည်ထဲရေးနှင့် နိုင်ငံခြားရေးပေါ်လစီက အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ တန်ပြန်အရေးယူမှုကို ဖြစ်စေသည်ဟု စာတမ်းကဆိုသည်။ အဆိုပါနိုင်ငံများသည် ကမ္ဘာ့ရေးရာများတွင် ကြီးစိုးရန် ကြိုးစားနေသည်ဟုလည်း စာတမ်းက စွပ်စွဲထားသည်။ ၂၀၁၄က စခဲ့သော ယူကရိန်းရှိ ပဋိပက္ခက ရုရှားနှင့် အနောက်နိုင်ငံများကြား ဆက်ဆံရေးကို သိသာစွာယိုယွင်းစေခဲ့သည်။

နောက်ဆုံးထုတ်ပြန်သည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာစာတမ်းကို သမ္မတပူတင်က ဒီဇင်ဘာ ၃၁တွင် လက်မှတ်ရေးထိုးခဲ့ပြီး နေတိုးအားဝေဖန်မှုများတွင် နောက်ဆုံးဖြစ်စဉ်လည်းဖြစ်သည်။ ၂၀၁၄က ရုရှားသည် ယူကရိန်းအကျပ်အတည်းနှင့် ဥရောပအရှေ့ပိုင်းတွင် နေတိုး၏နေရာယူမှုကို သုံးသပ်ရန် ၎င်း၏စစ်ရေးမူဝါဒကို ပြောင်းလဲတော့မည်ဟု ကြေညာခဲ့သည်။

မကြာသေးမီနှစ်များအတွင် နေတိုး၏နယ်ပယ် ကြီးမားလာခြင်းက ရုရှား၏နယ်စပ်နှင့် ပို၍နီးကပ်လာပြီး နိုင်ငံအတွက် ပြင်ပခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ကရင်မလင်အကြံပေး မီခေးလ်ပိုပေါ့က ထိုစဉ်က ပြောကြားခဲ့သည်။ အယ်လ်ဘေးနီးယားနှင့် ခရိုအေးရှားတို့လည်း ၂၀၀၉ခုနှစ်က နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁တွင် နေတိုးသည် အဖွဲ့ဝင်များဖြစ်ချင်သော ဘော့စ်နီးယား၊ ဂျော်ဂျီယာ၊ မက်စီဒိုးနီးယားနှင့် မွန်တီနီဂရိုးတို့ကိုလည်း အသိအမှတ်ပြုခဲ့သည်။

ရုရှား၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ခြောက်နှစ်တစ်ကြိမ်ထုတ်ပြန်သည်။ ရှုပ်ထွေး၍ လိမ်ယှက်နေသည့် လက္ခဏာရှိသော အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအသစ်များကြောင့် ၎င်း၏စစ်တပ်ကို ရုရှားက အင်အားတောင့်တင်းအောင်လုပ်ဆောင်နေသည်ဟု စာတမ်းသစ်တွင် ဖော်ပြသည်။

မကြာသေးမီက ရုရှား၏ နယ်စပ်တစ်ဝန်း နေတိုးက စစ်အင်အားတိုးချဲ့လာခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများ ပါဝင်နေသည်ဟု စာတမ်းကဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly