ပါကစ္စတန် ဘာလိုချီစတန်တွင် လူချမ်းသာများသာ ပညာရေးကို လက်လှမ်းမီ သင်ယူခွင့်ရနေဟု ဆို

By The Geneva Daily
30 November 2021
ပါကစ္စတန် ဘာလိုချီစတန်တွင် လူချမ်းသာများသာ ပညာရေးကို လက်လှမ်းမီ သင်ယူခွင့်ရနေဟု ဆို

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်တွင် ပညာရေးသည် လူချမ်းသာများအတွက်သာ သီးသန့် ဖြစ်နေပြီး လူတိုင်း ပညာရေးကို လက်လှမ်းမီ သင်ယူနိုင်ခြင်း မရှိဘဲဖြစ်နေသည်ဟု ယင်းပြည်နယ်ရှိ Jamaat-e-Islami ပါတီအကြီးအကဲ မော်လာနာ အဗ္ဗဒူလ် ဟက်ခ် ဟက်ရှ်မီနှင့် အခြားခေါင်းဆောင်များက ပြောကြားခဲ့သည်။ ယင်းပြည်နယ်ရှိ ပညာရေး အခြေအနေနှင့်ပတ်သက်ပြီး ဒေသရှိ နိုင်ငံရေးခေါင်းဆောင်များက ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ပြည်နယ်တွင် ပညာရေးသည် ပြည်သူများ တိုးတက်နိုင်မှုနှင့် ကြီးပွားချမ်းသာမှုအတွက် အထူး လိုအပ်သော်လည်း အစိုးရ၏ လက်ရှိ ပညာရေးစာသင်ကျောင်းများမှာ လက်တွေ့အားဖြင့် ခေတ်ကုန်နေပြီး အသုံးမဝင်သလိုဖြစ်နေကြောင်း ဟက်ရှ်မီက ပြောသည်။

အစိုးရအနေဖြင့် ပညာရေးပိုင်းကို ဦးစားပေးလုပ်ဆောင်ရန် ပျက်ကွက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

"စာနာစိတ် ကင်းမဲ့တဲ့ အစိုးရဟာ ပညာရေးကို ဦးစားပေးဖို့ ပျက်ကွက်ထားခဲ့ပါတယ်၊ အဆင့်မြင့် ပညာရေး တံခါးတွေက ဘာလိုချီစတန်ပြည်သူတွေအတွက် ပိတ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းအတွက်ကြောင့် အစိုးရဘက်က ပညာရေးအတွက် ဘတ်ဂျက် တိုးမြှင့်ပေးရန်နှင့် ဘာလိုချီစတန်ပြည်နယ်ရှိ လူတိုင်း ပညာသင်ခွင့်ရရှိနိုင်ရေး လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် လိုကြောင်း ၎င်းက တောင်းဆိုပြောကြားခဲ့သည်ဟု Express Daily က ဖော်ပြသည်။

"ဘာလိုချီစတန်မှာ ပညာရေးပိုင်း ခေတ်နောက်ကျကျန်နေမှုအတွက် အစိုးရမှာ တာဝန်ရှိပါတယ်" ဟု ဟက်ရှ်မီက ပြောခဲ့သည်။

ဘာလိုချီစတန်သည် အရင်းအမြစ် ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခု ဖြစ်သော်လည်း ပါကစ္စတန်တွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ် ဖြစ်နေသည်။ ယင်းတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တချို့ကြာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပေါ်ထားခဲ့သည်။ ဒေသသည် ၁၉၄၇ ခုနှစ်မတိုင်မီ လွတ်လပ်သော ဒေသတစ်ခုဖြစ်ခဲ့ပြီး ပါကစ္စတန်က အတင်းအကျပ် သိမ်းပိုက်ထားခဲ့သည်ဟု ဘာလို့ချ် အများအပြားက ယုံကြည်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly